ထိုင်း-မြန်မာ MoU အလုပ်သမား ပို့ဆောင်လုပ်ကိုင်စေရေး အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ ဘက်သို့ မြန်မာအလုပ်သမား ပို့ဆောင်စေလွှတ်နေသည့် ကုမ္ပဏီအချို့နှင့် အလုပ်ပွဲ စားများမှ လိမ်လည်ပို့ဆောင်သည့်ဖြစ်စဉ်များ တစ်နေ့တခြား ပိုမို များပြားလာ နေကြောင်း MOU စနစ်ဖြင့် ဘန်ကောက်မြို့ဘက်သို့ သွားရောက် အလုပ်လုပ်ကိုင် ကြသူများက ပြောသည်။
” တောင်ပေါ်ပွဲစားတွေ၊ MOU ကုမ္ပဏီက လိမ်တာတွေ ကြုံနေကြရတော့ တချိူ့ ငွေပေးပြီး အခုထိ တောင်ပေါ်မပို့ပေးသေးဘဲ ငွေလိမ်ပြေးတာတွေ၊ ဟိုရောက်တော့ ပြောတုန်းက ရမယ့်အလုပ်တစ်မျိုး၊ လုပ်ရတော့ အလုပ်တစ်မျိုးတွေ ဖြစ်နေပြီး အဆင်မပြေတာတွေ ကြုံနေကြရတယ်၊ မသိနားမလည်တဲ့ ဒေသခံတွေသူများ နိုင်ငံထဲ အခက်အခဲတွေ ဖြစ်နေကြတယ်”ဟု ကော့ကရိတ်မြို့နယ်၊ နဘူးကျေးရွာ မှ MoU လုပ်သားတစ်ဦးက ပြောသည်။
ထို့အပြင် MOU ကုမ္ပဏီတချို့မှ စာချုပ်ချုပ်စဉ်တွင် အလုပ်အမျိုးအစား၊ ရပိုင်ခွင့် ၊ နေရာထိုင်ခင်းကိစ္စများအတိုင်း တကယ်လက်တွေ့တွင် မဟုတ်ဘဲ နေစရိတ်၊ စားစရိတ် ပေးဆောင်နေရခြင်း၊ အခြားလုပ်ငန်းခွင်များသို့ပို့ဆောင် ခံရခြင်း၊ အလုပ်သမားအခွင့်အရေးများအတိုင်းမဟုတ်ဘဲ လုပ်ကိုင်နေထိုင်နေကြရ ကြောင်းလည်း MoU အလုပ်များက ပြောသည်။
“တစ်ယောက် ၁၈ သိန်းပေးရတယ်၊ စာချုပ်ချုပ်တုန်းက စားသောက်ဆိုင်၊ တစ်ကယ်လုပ်ရတော့ ပန်းရံဆောက်လုပ်ရေး ဖြစ်နေတယ်၊ စာချုပ်ထဲမှာက နေဖို့ အခန်း၊ ရေဖိုးမီးဖိုး၊ ပေးစရာမလိုဘူးအလုပ်ရှင်က တာ၀န်ယူမယ်ပြောတယ်၊ လကုန် တော့ လူတစ်ယောက် နေထိုင်ခဘတ် ၈၀၀ ကျော် လခကနေဖြတ်တာခံရတယ်၊ ၈ ပေ ၁၀ ပေ လောက်အခန်းမှာ နေရာမတူ၊ ဒေသမတူတဲ့ သူတွေ ၅ယောက် လောက်ပေါင်းနေရတယ်၊ “ဟု အခြား MoU လုပ်သားတစ်ဦးကလည်း ပြောသည်။
စစ်အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပြီးနောက် ဖြစ်ပေါ်လာသော နိုင်ငံရေးအကြပ် အတည်းကြောင့် ကရင်ပြည်နယ်အပါအဝင် အမြို့မြို့အနယ်နယ်မှ ပြည်သူလူထု များသည် လုပ်ကိုင်စားသောက်၍ အဆင်မပြေတော့ဘဲ စားဝတ်နေရေး အခက် အခဲကြုံတွေ့လာသဖြင့် ထိုင်းနိုင်ငံဘက်သို့ ပုံစံမျိုးစုံဖြင့် နေ့စဉ်လိုလို အလုပ်ထွက် လုပ်လျက်ရှိသည်။
ထိုသို့ အလုပ်ထွက်လုပ်ရာတွင် တရားမ၀င် လမ်းကြောင်းဖြင့် သွားသူများမှာ လမ်းခုလပ်ပွဲစားစွန့်ပစ်ခံရမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရမှုများ၊ ယာဉ်မတော်တ ဆမှုကြောင့် ထိခိုက်ဒဏ်ရာရ ဖြစ်စဉ်များရှိနေကြောင်းသိရသည်။
ထိုင်း-မြန်မာ MOU အလုပ်သမား စေလွှတ်သည့် အစီအစဉ်မှာ ကိုဗစ် ၁၉ ရောဂါ ပြန်လည်တည်ငြိမ်ထိန်းသိမ်းနိုင်ပြီဟု ၂၀၂၂ ခုနှစ် ဧပြီလအတွင်း ထိုင်းအစိုးရမှ ထုတ်ပြန်ကြေညောခဲ့ပြီးနောက်ပိုင်း အလုပ်သမားလိုအပ်ချက်နှင့် ပြန်လည် ၀င်ရောက်လုပ်ကိုင်ခွင့်ပြုချက်အရ ကရင်ပြည်နယ် အမှတ် -၂ မြ၀တီချစ်ကြည် ရေးတံတား မြ၀တီ-မဲဆောက် ၊ တနင်္သာရီတိုင်း ကော့သောင်း-ရနောင်း နယ်စပ် ၀င်ပေါက်များမှတစ်ဆင့် ထိုင်းနိုင်ငံ ခရိုင်အသီးသီးရှိ စက်ရုံ အလုပ်ရုံနှင့် ထိုင်းလုပ် ငန်းရှင်များ၏ လုပ်ငန်းခွင်များသို့ ပို့ဆောင် စေလွှတ်ကြ သည်။
ထိုသို့ ပို့ဆောင်ရာတွင် အလုပ်သမားအလုပ်ရှင်စာချုပ်အား မြန်မာနိုင်ငံ အလုပ် သမားညွှန်ကြားရေးမှူးရုံးများရှိအလုပ်သမားဌာနအရာရှိ ၀န်ထမ်းများ ရှေ့တွင် ထိုင်းအလုပ်ရှင် (သို့မဟုတ်) ကိုယ်စားလှယ်၊ မြန်မာအလုပ်သမား အေဂျင်ဆီ ကုမ္ပဏီ အလုပ်လုပ်မည့်အလုပ်သမားတို့ ၃ ပွင့်ဆိုင် တွေ့ဆုံ စာချုပ်ချုပ်ဆိုကြ သည်ဟု သိရသည်။
ထို့နောက် အရာရှိကြီးများ၏ဆုံးမလမ်းညွှန်မှုကိုခံယူကာ တစ်ဘက်ထိုင်းနိုင်ငံသို့ အလုပ်စေလွှတ်သည်ဆိုသော်လည်း လက်တွေ့တွင် မြန်မာအလုပ်သမားအများစု လိမ်လည်မှုများ ကြုံတွေ့နေရသည့် ဖြစ်စဉ်များ များပြားလာနေကြောင်း ထိုင်း-မြန်မာနယ်စပ်မဲဆောက်အခြေစိုက် အလုပ်သမား ကူညီစောင့်ရှောက် ရေးလုပ် ဆောင်နေသည့် အရပ်ဖက် အဖွဲ့အစည်းများ ပြောဆိုချက်အရ သိရသည်။







