မြောက်ဦးမှ သုံးဘီးမောင်းသူတစ်ဦး စစ်ကြောရေးအတွင်းနှိပ်စက်ခံရမှုကြောင့် အခြေအနေစိုးရိမ်ရ၍ ရန်ကုန်တွင်ဆေးကုနေရ

မြောက်ဦးမှ သုံးဘီးမောင်းသူတစ်ဦး စစ်ကြောရေးအတွင်းနှိပ်စက်ခံရမှုကြောင့် အခြေအနေစိုးရိမ်ရ၍ ရန်ကုန်တွင်ဆေးကုနေရ

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ သုံးဘီးမောင်းသူတစ်ဦးသည် စစ်ကောင်စီ၏စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုကြောင့် အခြေအနေစိုးရိမ်ရ၍ ရန်ကုန်တွင်ဆေးကုမှုခံယူနေရကြောင်း မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးနှိပ်စက်ခံရပြီးနောက် ဆေးကုသမှုခံနေရသူမှာ မြောက်ဦးမြို့ ကျောက်ရာဇ်ကေရပ်ကွက်မှ ကိုကျော်ဝင်းလှိုင် (၃၂ နှစ်)ဖြစ်သည်။

ကိုကျော်ဝင်းလှိုင်ဖမ်းဆီးခံရပြီးနောက် နှိပ်စက်ခံထားရ၍ စစ်တွေရှိ စစ်ဆေးရုံတွင်ဆေးကုသမှုခံခဲ့ရာ မသက်သာဘဲ အသက်အန္တရာယ်စိုးရိမ်ရသောကြောင့် မြောက်ဦးခရိုင်ရဲက မိသားစုဝင်များထံ ဆက်သွယ်အသိပေးလာသည့်အတွက် ဇူလိုင် ၄ ရက်မှစတင်ကာ ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံနေရခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

"စစ်တပ်က နှိပ်စက်လို့ ကျန်းမာရေးမကောင်းဖြစ်သွားတယ်။ နေမကောင်းလို့ စစ်တွေဆေးရုံမှာ ကုခဲ့တယ်။ သူတို့အရင် စစ်ဆေးရုံမှာကုလို့ အဆင်မပြေ၊ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခါမှာ မိသားစုတွေကို သတင်းပေးတယ်။ မြောက်ဦးခရိုင်ရဲက သတင်းပေးတယ်။ လူနာစောင့် လိုက်ပေးလို့ရတယ်ဆိုတော့ အခုသူ့မိန်းမပါသွားတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုနေရပါတယ်။ အခု နည်းနည်းပါးပါးသက်သာခွင့်လောက်ပဲ ရသေးတယ်" ဟု ပြောသည်။

သူသည် ဇွန်လ ၂၂ ရက် နံနက် ၇ နာရီကျော်တွင် တုတ်တုတ်(ခေါ်) အိန္ဒိယသုံးဘီးနှင့်အတူ သုံးဘီးမောင်းရန် အိမ်မှထွက်သွားစဉ် မြောက်ဦးမြို့ နာရေးကူညီမှုရုံးအနီးရှိ စစ်ဆေးရေးဂိတ်အရောက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးစရာရှိသည်ဟုဆိုကာ ကားပေါ်တင်၍ မြောက်ဦးရှိ ၅၄၀ တပ်ထဲသို့ ခေါ်ဆောင်ခြင်းခံခဲ့ရသူဖြစ်သည်။

ယင်းသို့ဖမ်းဆီးခံရပြီးနောက် သူသည် နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က)နှင့် တရားစွဲခံထားရသည်ဟုလည်း သိရသည်။

AA ကိုသွားမတိုက်ဘဲ AA နှင့်ဆက်စပ်သည်ဟုဆိုကာ ပြည်သူများကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးနှိပ်စက်နေမှုမှာ သဘာဝမကျကြောင်း၊ မိသားစုဝင်များအနေဖြင့် ယခုကဲ့သို့ ပြင်းပြင်းထန်ထန် နှိပ်စက်မှုများကို ခံပြင်းကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

"မိသားစုဝင်တစ်ယောက်အနေနဲ့တော့ အခုလို မဟုတ်မဟတ်နှိပ်စက်ခံနေရတာကို ခံပြင်းတာပေါ့။ သူတို့ကတော့ သူ့အလုပ်သူလုပ်တာပေါ့လေ။ တစ်ခုခုဖြစ်လာရင် ပြည်သူလူထုကို အမျိုးမျိုးနာမည်သုံးကြတယ်။ တိုက်ချင်ရင် AA စခန်းဘယ်နေရာမှာရှိလဲ သူတို့သိနေကြတာပဲ။ အဲ့လိုကျတော့သွားမတိုက်ဘဲ ပြည်သူတွေကိုပဲ အမျိုးမျိုးနှိပ်စက်နေလို့ ဒါကတော့ သဘာဝမကျဘူးလေ"ဟု ပြောသည်။

မြောက်ဦးတွင် ဇွန်လ ၂၁ ရက် ည ၈ နာရီခန့်က စရဖ ၃ ဦးကို AA က ဖမ်းဆီးသွားပြီးနောက် ယင်းနေ့ညနှင့် ဇွန်လ ၂၂ ရက်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြောက်ဦးမြို့အတွင်း အဖမ်းအဆီးအစစ်အဆေးတင်းကျပ်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

ယင်းသို့မြို့ခံများကို ဖမ်းဆီးခဲ့စဉ် ကိုကျော်ဝင်းလှိုင်လည်း အခြားမြို့ခံများနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...