ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တွင် တရားမဝင် ငွေစက္ကူအတုများကို အွန်လိုင်းမှတဆင့် ရောင်းချဖြန့်ဖြူး နေမှုများကြောင့် တစ်နိုင်တစ်ပိုင် ငွေလွှဲလုပ်ငန်းများ လုပ်ကိုင်သူများအတွက် ယုံကြည်မှုလျော့နည်းခံရသည့် အခက်အခဲများ ကြုံလာနေကြရကြောင်း ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
လက်ရှိ နယ်စပ်မြို့တွင် တရားမဝင် ငွေစက္ကူအတုများကို ရိုက်နှိပ်ကာ ငွေစက္ကူအစစ်များဖြင့် ဆယ်ဆတစ်ဆ ပြန်လည် ရောင်းဝယ်ဖြန့်ဖြူးနေသည့်လုပ်ငန်းများ ပေါများလာသလို ငွေသွင်း၊ ငွေထုတ်လုပ်ကိုင်နေကြသည့် ဘဏ်လုပ်ငန်းများလည်း စစ်ဆေးစိစစ်မှုများမရှိတော့သောကြောင့် ငွေလွှဲလုပ်ငန်းများအပေါ် ရိုက်ခတ်လာ နေကြောင်း မြဝတီမြို့နေ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ယခုလိုပြောသည်။
၎င်းက“ဘဏ်က လူတွေဆို သူတို့ကိုင်ကြည့်လိုက်တာနဲ့ ဒါအတု ကြီးဆိုတာသိနေပြီး။ အစစ်ကနည်းနည်း လေးကြမ်းတယ်။ အတုက ချောမွေ့နေရောပဲ။ နောက်ဘယ်နေရာတံဆိပ်က ဘယ်လိုကွာ သူတို့ သိထားတယ်။ ဒါပေမယ့်အခုနောက်ပိုင်းက ဒီလိုပဲရေ လိုက်တယ်မစစ်တော့ဘူး။ အဲ့လိုမျိုးပေါ် ပေါ်တင်တင်လိုင်းပေါ်ကနေပြီး ရောင်းနေတဲ့အခြေအနေဆိုတော့ စစ်ကောင်စီကိုယ်တိုင်က ခွင့်ပြုထားတယ်လေ။ အဲ့လိုငွေအတုတွေများ နေကြတော့ သမာအာဇီဝနဲ့ငွေလဲ လုပ်ငန်းလုပ်ကိုင်သူ တွေအတွက်ကျတော့ လူအများအယုံအကြည်မဲ့တယ်လေ၊ အခက်အခဲအများကြီးဖြစ်တာပေါ့။ ဟု ကေအိုင်စီ သို့ ပြောသည်။
ငွေစက္ကူအတုများကို အွန်လိုင်းဖေ့ဘွတ်စာမျက်နှာ(Page)များမှတစ်ဆင့် ငွေကြေးအစစ် ၁ သိန်းကို ငွေစက္ကူအတု ၁၀ သိန်းပေး၍ လုပ်ကိုင်လဲလှယ်နေကြပြီး အမြို့မြို့အနယ်နယ်သို့ ပို့ဆောင်ပေးကာ ပုဂ္ဂလိကဘဏ်နှင့် စီးပွားရေး ဘဏ်များကအစ ငွေကြေးထုတ်ပေးရာတွင် စစ်ဆေးစိစစ်မှုမပြုလုပ်တော့ဘဲ ငွေစက္ကူအတုများကိုကြား ညှပ်ပေးနေကြောင်းနှင့် အဆိုပါ ငွေစက္ကူအတုများကို ပြန်လည်သိမ်းယူမည်ဆိုပါကလည်း ပြည်သူများသာ နစ်နာမည်ဖြစ်ကြောင်း ငွေလွှဲလုပ်ငန်းလုပ်ကိုင်းသူက ဆက်ပြောသည်။
အဆိုပါ ငွေစက္ကူအတု အရောင်းအဝယ် လုပ်ကိုင်နေသည့် အွန်လိုင်းစာမျက်နှာများတွင် ငွေစက္ကူအတုများကို အသုံးပြုနိုင်မည့် နေရာများ၊ လဲလှယ်ရရှိနိုင်သည့် ငွေကြေးပမာဏနှင့် ငွေကြေးတန်ဖိုးများကို ၎င်းတို့ ၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားကြောင်း တွေ့ရသည်။
ထို့အပြင် ငွေစက္ကူအတုများကို ဘဏ်များတွင် ငွေသွင်းမှုမှလွဲ၍ ကြိုက်သည့် နေရာများတွင် စိတ်ချလက်ချ သုံးနိုင်ကြောင်း မြန်မာငွေ ၅ ထောင်တန်၊ ၁ သောင်းတန်များရနိုင်ကြောင်းနှင့်အနည်းဆုံး ၅ သောင်းဖိုးမှ သိန်း ၂,၄၀၀ ကျပ်အထိ ဝယ်ယူနိုင်ကြောင်း စသည်ဖြင့် အသေးစိတ်ဖော်ပြထားပြီး ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်၊ အွန်လိုင်းလိပ်စာများကိုပါ ထည့်သွင်း ဖော်ပြထားသည်။
အဆိုပါ ငွေစက္ကူအတုလုပ်ငန်းများကို မည်သူမည်ဝါလုပ်ကိုင်နေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံဗဟိုဘဏ်များအနေဖြင့် တရားဝင် စိစစ်စစ်ဆေး ထုတ်ပြန်မှုများ လုပ်ဆောင်ထားခြင်းမျိုးမတွေ့ရ သော်လည်း ၎င်းလုပ်ငန်းငန်းများကို စစ်ကောင်စီ အသိုင်းအဝိုင်းနှင့် စစ်တပ်ထောက်ခံအားပေးသူများက လုပ်ဆောင်နေခြင်းဖြစ်နိုင်ကြောင်း စစ်တပ်အသိုင်းအဝိုင်းထံမှ ငွေစက္ကူအတုကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ ဆိုင်ကယ်တက္ကစီယာဉ်မောင်းတစ်ဦးက ယခုလို ထင်ကြေးပေးပြောဆိုသည်။
“ဟိုတစ်ခါက တပ်မ ၂၂ ထဲကို လေယာဉ်နဲ့စစ်ဘက်ဆိုင်ရာအရာရှိတစ်ဦးလာတုန်းက စစ်သားမိန်းမတွေရော၊ အောက်ခြေစစ်သားတွေရော ပိုက်ဆံတွေအများကြီးပေးသွားတယ်လေ။ လိုင်းပေါ်မှာတောင် ပြန့်လာသေးတယ်။ ကျနော်က တက္ကစီမောင်းတော့ သူတို့ငှားစီးတာကြုံဖူးတယ်။ စစ်တပ်ထဲက အရာရှိ ကတော်တွေ၊ စစ်သားမိန်းမ တွေကိုင်တဲ့ပိုက်ဆံက တစ်သောင်းတန်ကြီးပဲ။ အသစ်ချွတ်ချွတ်သက်သက်ပဲ တစ်ထောင်တန်တောင်မဟုတ်ဘူး။ တော်ရုံတန်ရုံစစ်သား သားမယားတွေကအစ တစ်သောင်းတန်အသစ်ကြီး ပဲကိုင်တယ်။ ဘဏ်မှာတောင် အသစ်တော်ရုံတန်ရုံ မရှိဘူး။ သူတို့ထဲမှာကအသစ်အစည်းလိုက်ပဲ ”ဟု ကေအိုင်စီ သို့ ပြောသည်။
ယခုလို တရားမဝင် ငွေစက္ကူအတု ပေါ်ပေါက်လာခြင်းသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်များမှ ပြည်သူများကို ငွေအလုံအလောက်မထုတ်ပေးနိုင်ခြင်းနှင့် ဘဏ်လုပ်ငန်းများအပေါ် ပြည်သူလူထုများ၏ ယုံကြည်မှုလျော့နည်းလာခြင်းကြောင့်ဖြစ်ကြောင်း ဘဏ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောဆိုကြသည်။
သို့သော် ဗဟိုဘဏ်က ပြဋ္ဌာန်းထားသည့် ဥပေဒများအရ ငွေအတုကို မသိဘဲ ကိုင်ဆောင် သုံးစွဲခြင်းများ ပြုလုပ်လျှင် ဖမ်းဆီးအရေးယူခံရနိုင်ဖွယ်ရှိကြောင်း ရှေ့နေအသိုင်းအဝိုင်းများက မှတ်ချက်ပေး ပြောဆိုမှုများရှိသည်။ မြန်မာနိုင်ငံဗဟိုဘဏ်တာဝန်ရှိသူများဘက်ကလည်း ငွေစက္ကူအတုများရောင်းချခြင်းနှင့် ပတ်သက်၍ အရေးယူနိုင်ရန် လုပ်ဆောင်နေကြောင်း သတင်းမီဒီယာများကို ပြောဆိုထားပြီး ယနေ့ အချိန်ထိ ဖမ်းဆီး အရေးယူနိုင်ခြင်းမရှိသေးကြောင်း တွေ့ရသည်။







