စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ ၁၀ ရက်အတွင်း ကသာ မှ စွန့်ခွာရန် PDF သတိပေ

စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ ၁၀ ရက်အတွင်း ကသာ မှ စွန့်ခွာရန် PDF သတိပေ

ကချင် စစ်ကိုင်းနယ်စပ် ကသာမြို့နယ် စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ဇူလိုင် ၂၁ ရက်နေ့ နောက်ဆုံးထား၍ မိမိရာထူး၊ တာဝန်နှင့် ကသာနယ်အတွင်းမှ စွန့်ခွာကြရန် ကသာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတိပေးထုတ်ပြန်ထားသည်။

ကသာတွင် ကျေးရွာပေါင်း (၁၃၆ ) ရွာ နှင့် ကသာမြို့ပေါ် ရပ်ကွက် ၁၀ ခုရှိသည့်အနက် လက်ရှိအချိန်ထိ ရပ်ကွက် ၆ ခုနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့မှာ စစ်ကောင်စီသြဇာခံ ရာထူးတာဝန် ဆက်လက် ထမ်းဆောင်နေဆဲဖြစ်သောကြောင့် ဇူလိုင် ၁၂ ရက်နေ့ မှ ၂၁ ရက်နေ့အထိ ၁၀ အတွင်း မိမိတို့ရာထူးမှ နုတ်ထွက်ကြရန် နှင့် ကသာနယ်ကို စွန့်ခွာကြရန် ကသာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇူလိုင် ၁၂ ရက်နေ့ ရက်စွဲပါ ထုတ်ပြန်ချက်တစ်စောင်ကို  ထုတ်ပြန်ထားသည်။

''အဓိက ကတော့ အခုတော်လှန် ရေးကာလမှာ တချို့ကျေးရွာအုပ်ချုပ်ရေးမှူး တချို့အုပ်ကြီးတွေကျတော့ နှစ်ဖက်ခွကိုင်ထားတာရှိတယ်။ တချို့မြို့ပေါ် အုပ်ချုပ်ရေးမှူး တွေကျတော့လည်း စစ်ကောင်စီဘက်ကို ထောက်ခံပြီးတော့ အုပ်ချုပ်ရေး ယန္တာရားတွေကို လည်ပတ်နေတာရှိတယ်။ ဒါကြောင့် ကျနော်တို့တော်လှန်ရေး တပ်ဖွဲ့အနေနဲ့ စစ်ကောင်စီကို ထောက်ခံနေတဲ့အုပ်ကြီးတွေ နှင့် ဟိုလိုလို ဒီလိုလို လုပ်နေတဲ့အုပ်ကြီးတွေ ဆက်ပြီးတော့မလုပ်ဖို့နှင့် အကယ်၍ မနုတ်ထွက်ဘူးဆိုရင်လည်း ကသာနယ်ထဲမှာ မနေဖို့ ပေါ့''ဟု ကသာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

ကသာမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလခန့်မှစတင်ကာ ကျေးရွာများအားလုံး၏ ၈၈ ရာခိုင်နှုန်းခန့်တွင် NUG အစိုးရ ၏ အုပ်ချုပ်ရေးယန္တာရားများ စတင်လည်ပတ်အုပ်ချုပ်နိုင်ခဲ့သော်လည်း နေရာအချို့တွင် စစ်ကောင်စီသြဇာခံ နေမြဲ ဖြစ်သောကြောင့် ယခုလို ထပ်မံ သတိပေးရခြင်း ဖြစ်သည်ဟု ကသာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သိရသည်။

''ဟုတ်တယ် ကျနော်တို့ NUG အစိုးရကတော့ အုပ်ချုပ်ရေး ယန္တာရားတွေလည်ပတ်နိုင် ဖို့အတွက်ကြိုးစားနေတယ်။ ပြီး တော့ ကျနော်တို့မြို့ပေါ် ရပ်ကွက်အသီးသီးက လွဲရင် ကျေးရွာအားလုံးနီးပါးလောက်ကို NUG ကထိန်းချုပ်ထား နိုင်တယ်။ ဒါကြောင့်မို့ ပညာရေး ၊ ကျန်းမာရေး၊ တရားရေး စတဲ့အရေးကြီးတဲ့ဌာနတွေကို NUG အုပ်ချုပ်ရေးနဲ့ တဖြေးဖြေးလည်ပတ်နေတယ်။ မြို့ပေါ်မှာလည်း လေးရပ်ကွက်ကတော့ အုပ်ချုပ်ရေးမှူးတွေ ထွက်ပြီ။ ခြောက်ရပ်ကွက်ကျန်နေသေးတယ်'' ဟု ကသာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သို့သော် အဆိုပါ စစ်ကောင်စီလက်အောက်ခံရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် CDM ပြုလုပ်လာမည် ဆိုလျှင် အပြည့်အဝ တာဝန်ယူပေးမည်ဖြစ်ကြောင်း နှင့် လက်ရှိအချိန်ထိ ရာထူးမှနုတ်ထွက်ပြီး CDM ပြုလုပ်လာသည့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်း ကသာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုံခြုံတာဝန်ယူထားပေးကြောင်း ထုတ်ပြန်ထားသည်။

NUG အစိုးရ နှင့် ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် ကသာမြို့နယ်တစ်ခုလုံး၏ ၈၈ ရာခိုင်နှုန်းခန့်ကို  ၂၀၂၂ မတိုင်းမှီကတည်းက နယ်မြေစိုး ရရှိထားပြီး တရားဝင်အုပ်ချုပ်ရေးကို ၂၀၂၂ ဖေဖော်ဝါရီလခန့်က စတင်လည်ပတ်နိုင်ခဲ့ ခြင်းဖြစ်သည်။

Most read this week

January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...