ထိုင်း-မြန်မာနယ်စပ် ဝေါလေ-အူးကရိထဒေသ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် ထိုင်းနယ်ခြားစောင့် စစ်တပ်မှ စစ်အင်အားတိုးချဲ့ ကင်းလှည့် စောင့်ကြပ်လျှက်ရှိရာ ထိုနယ်မြေတစ်ကြောရှိ စစ်ဘေးရှောင်များထံ ရိက္ခာနှင့် အခြားထောက်ပံ့ကူညီမှုများအတွက် သွားရောက်လုပ်ဆောင်ပေးရန် ခက်ခဲနေကြောင်း သိရသည်။
အဆိုပါ ထိုင်းနယ်ခြားစောင့်တပ်များအနေဖြင့် ထိုင်းနယ်စပ် ကျေးရွာဒေသခံ မဟုတ်သူများအား ဖြတ်သန်းသွားလာ၊ ပိတ်ပင်တားမြစ်စစ်ဆေးမှုအချို့ ရှိလာနေသည့်အတွက် ဝေါလေ၊ အူးကရိထ၊ သေ့ဘောဘိုး၊ လေးကေကော်ဒေသရှိ စစ် ရှောင်များကို ကူညီရန် အခက်အခဲကြုံတွေ့နေကြရကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ယခုလို ပြောသည်။
“ထိုင်းနယ်စပ်က စစ်တပ်တွေချထားတာ မြန်မာတိုက်လေယာဉ် နယ်ကျော်ပျံပြီး ဗုံးကြဲတဲ့ကိစ္စပြီးကတည်းကပါပဲ။ စစ် ရှောင်ကူညီတဲ့ အဖွဲ့တွေ၊ ရိက္ခာနဲ့ လာလှူဖို့ ခက်ခဲတယ်။ ဒေသခံ ထိုင်းရွာသား မဟုတ်ရင် ဖြတ်သန်းသွားလာခွင့် မပေး ဘူး။ အခု ဒီ ဝါဆိုလပြည့်ရက်လည်းမရှောင် တိုက်ပွဲတွေက ဆက်ဖြစ်နေတော့ ထိုင်းစစ်တပ်က အခုက နယ်စပ်လမ်းမ တစ်လျှောက် စစ်ကြောင်းကင်းချထားသလို စစ်ကားတွေ၊ စစ်ဆိုင်ကယ်တွေနဲ့လည်း ကင်းပတ်နေတယ်။ ပြောင်းခင်း တောင်ကုန်းတွေကနေ မြန်မာနယ်စပ်ကို မှန်ပြောင်းနဲ့ကင်းထောက်စောင့်ကြည့်နေတယ်။”ဟု ကေအိုင်စီသို့ပြောသည်။
ထို့အတွက်ကြောင့် စစ်ဘေးရှောင်ပြည်သူများအတွက် ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်မှ သွားရောက်ကူညီပေးပို့ကြသူများ မှာ တိုက်ရိုက် ကူညီပေး၍မရဘဲ ထိုင်းနိုင်ငံသား၊ ဒေသခံများမှတဆင့် စစ်ဘေးရှောင်အား ပေးပို့ကူညီနေရသည်။ ထို့အ ပြင် ၎င်းနယ်မြေရှိ စစ်ရှောင်များမှာ မိမိရပ်ရွာနေရာသို့ မပြန်နိုင်ကြဘဲ ချောင်းကမ်းနံဘေးရှိ ထိုင်းနိုင်ငံသားများ၏ တောင်ယာတဲ၌သာ ဆက်လက် နေထိုင်နေကြသည်ဟု ဝေါလေဒေသ၊ ရိက္ခာကူညီထောက်ပံ့သူများက ပြောဆိုသည်။

ဇူလိုင်လ ၁၂ရက်နေ့တွင် အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံ ခလရ(၈) တပ်ဖွဲ့ဝင်များသည် ဖလူးကျေးရွာမှ သေ့ဘောဘိုး – ဆုံဆည်းမြိုင် – အူးကရိထ – ဝေါလေ တောင်ပေါ်လမ်းတစ်လျှောက် နယ်မြေရှင်းလင်း ရေး စစ်ကြောင်းထွက်ရာ KNLA ပူးပေါင်းတပ်များနှင့် ဝေါလေ သုံးထပ်ကွေ့၊ သရက်တစ်ပင်လမ်းပိုင်းနေရာ၌ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများကာ တပ်ပြန်ဆုတ်ခွာသွားခဲ့ကြောင်း နယ်မြေခံ ကော်ဘရာစစ် ကြောင်း၏ သတင်းအရင်းအမြစ်များအရ သိရသည်။
ထိုတိုက်ပွဲအပြီး KNLA ပူးပေါင်းအဖွဲ့များက နယ်မြေရှင်းလင်းရာတွင် စစ်ကောင်စီ လက်နက်ခဲယမ်း စစ်အသုံးအဆောင် အများအပြား သိမ်းဆည်းရမိခဲ့ပြီး ၅ဦးထက်မနည်း အရှင်ဖမ်းမိသူများအား စစ်ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ကာ ဆေးဝါးကုသပေးထားကြောင်းလည်း KNLA ပူးပေါင်းအဖွဲ့ ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။
ယင်းသို့တိုက်ပွဲများ နေ့စဉ်ဆက်တိုက် ဖြစ်ပွားနေသည့်အတွက် ယခုအချိန်တွင် ၎င်းထိုင်း-မြန်မာနယ်စပ်၌ လေးကေ ကော် အပါအ၀င် ဝေါလေဒေသခံ ကျေးရွာများဘက်နှင့် တိုက်ပွဲဖြစ် ဧရိယာအတွင်း ရှောင်တိမ်းရွှေ့ပြောင်း နေထိုင်ရသူ စစ်ဘေးရှောင်ဦးရေ တစ်သောင်းခန့်အထိ ရှိလာနေသဖြင့် မိုးရွာသွန်းချိန် အစားအသောက်၊ နေရာထိုင်ခင်းနှင့် ကျန်းမာ ရေးစောင့်ရှောက်မှုများ လိုအပ်လျှက်ရှိသည်။
ထိုအခြေအနေတွင် ထိုင်းနယ်ခြားစောင့်တပ်မှ ယာယီ စစ်ဘေးရှောင်သူများအား မြန်မာဘက်ခြမ်းသို့ ပြန်လည်နေထိုင် ကြရန် ပြောဆိုနေခဲ့သော်လည်း စစ်ရှောင်အများစုမှာ မိမိနေရပ်သို့ မပြန်ရဲကြသေးဘဲ ထိုင်း-မြန်မာနယ်စပ် သောင်ရင်း မြစ်ကမ်းဘေးနေရာများ၌သာ အစုအဖွဲ့လိုက် ရှောင်တိမ်းနေကြရင်း လူဦးရေ တိုးများလာနေကြောင်း ဝေါလေ စစ်ဘေး ရှောင်ရွာသားများ၏ ပြောပြချက်အရ သိရသည်။







