တိုက်ပွဲနေ့စဉ်ဖြစ်ပွားသော်လည်း ကာစီနိုလုပ်ငန်းအဆောက်အဦးများ အလုပ်မပျက်ကြီးထွားလာနေ

တိုက်ပွဲနေ့စဉ်ဖြစ်ပွားသော်လည်း ကာစီနိုလုပ်ငန်းအဆောက်အဦးများ အလုပ်မပျက်ကြီးထွားလာနေ

မြဝတီ-ဝေါလေ ကားလမ်းပေါ်တွင် တိုက်ပွဲနေ့စဉ် ဖြစ်ပွားနေသော်လည်း ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးတစ်လျှောက် တရားမ၀င် တည်ဆောက်လုပ်ကိုင်နေကြသည့် တရုတ်ကာစီနို၊ အွန်လိုင်းလောင်းကစားလုပ်ငန်းအဆောက်အဦးများမှာ အလုပ်မပျက် အလျင်အမြန်ကြီးထွားလာ နေသည်ဟု ဒေသခံများက ပြောသည်။

လတ်တလောတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်နှင့် ထိုးစစ်ဆင် လာသော စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲနေ့စဉ် ဖြစ်ပွားနေသည့် ဖလူး၊ မယ်ထော်သလေး၊ ကျောက်ခက်၊ ဝေါလေဒေသတွင်းရှိ ကာစီနိုလောင်းကစားရုံများမှာ အလုပ်မပျက်အလျင်အမြန် ကြီးထွားလာနေကြောင်း မြ၀တီဒေသခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“တိုက်ပွဲကသာဖြစ်နေတာ နေ့တိုင်းတရုတ်တွေ အွန်လိုင်းဂိမ်း၊ ကာစီနိုတွေ၊ ဇိမ်ခန်းတွေ ဆောက်နေ တာက ဘယ်လုပ်ငန်းမှ မရပ်သွားဘူး၊ တာဝါကရိန်းတွေနဲ့ စက်ယန္တယားတွေနဲ့ နေချင်း၊ ညချင်း အမြန်ဆောက်နေတာ၊ ဒေသခံအစစ်တွေက စစ်ရှောင်နေရင်း ကိုယ့်မျက်စိရှေ့မှာတင် အဆောက် အဦးတွေက ကိုယ့်မြေကိုယ့်ရေပေါ်မှာ တရားမ၀င်အဆောက်အဦးတွေ နေ့ချင်း၊ ညချင်း တစ်ခုပြီးတစ်ခု လုပ်နေကြတာ၊ မြ၀တီကြံခင်းရပ်ကွက်ကနေ အခုဆို မယ့်ထော်သလေး၊ ဖလူး ၊ ကျောက်ခက်၊ ဆုံဆည်း မြိုင်၊ ဝေါလေကမ်းနားအထိ တရုတ်ကာစီနိုအွန်လိုင်းဂိမ်းလုပ်ငန်းရုံတွေ များလာနေပြီ”ဟု သူက ပြော သည်။

အဆိုပါ ဖွင့်လှစ်ထားသော ကာစီနိုလောင်းကစားရုံများတွင် လုံခြုံရေးအပြည့်ချထားပြီး လာရောက် ကစားသူများမှလွဲ၍ အပြင်လူ လုံးဝဝင်ရောက်ခွင့်မရှိသည့်နေရာမျိုးဖြစ်သည်ဟု သိရှိရသည်။

“ထိုင်းဘက်ကလည်း လာကစားတယ်၊ မြန်မာဘက်ကလည်း ကစားကြတယ်၊ ထိုင်းဘက် ကား၀င်း၊ မြန်မာဘက်ကား၀င်းတွေမှာ ညဆိုလာကစားကြသူတွေရဲ့ ကားတွေ ပြည့်နေတယ်၊ မီးတွေထိန် လင်းနေတယ်၊ မြ၀တီမှာလည်းကာစီနိုတွေ အွန်လိုင်းဂိမ်းလုပ်တဲ့အထောက်အထားမဲ့ တရုတ်တွေ ပိုများလာတယ်၊ BGF လုံခြုံရေးအပြည့်နဲ့ စောင့်ကြပ်နေတော့ အဲ့ဒီဘက်ကို ဒေသခံတွေ ဘယ်သူမှသွားမရဘူး၊” ဟု ထို မြဝတီဒေသခံက ဆက်ပြောသည်။

ဒေသအတွင်း BGF နှင့် DKBA အပစ်ရပ်အဖွဲ့ကျောထောက်နောက်ခံပြုလုပ်ငန်း ဖြစ်သော တရုတ် ကာစီနို၊ အွန်လိုင်းဂိမ်းနှင့် တရားမ၀င်လောင်းကစား၊ အပျော်အပါးလုပ်ငန်းများ တည်ဆောက် လုပ်ကိုင်နေမှုမှာ ယခင်က မြ၀တီမြို့ ဧရိယာနှင့် ရွှေကုက္ကိုလ်ဒေသဘက်တွင်သာ လုပ်ကိုင်နေကြသည့် လုပ်ငန်းများမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တရားမ၀င်တရုတ်နိုင်ငံသားအများအပြား ရောက်ရှိ နေထိုင်လာကြကြောင်း မြဝတီမြို့ခံများက ပြောသည်။

“ကျနော်တို့ ဖလူးဘက် ၊ မင်းလက်ပံဘက်၊ ကျောက်ခက်ဘက်မှာ တရုတ်တွေ ပိုများလာတယ်။ တခြားနယ်က အွန်လိုင်းဂိမ်းတွေမှာ လာလုပ်ကြတဲ့သူတွေတွေ့ နေရတယ်၊ ဒေသခံက အလုပ်ရတာက သန့်ရှင်းရေးတို့ ၊ ခြံအလုပ်တို့လောက်ပဲရှိတယ်၊ ကျန်တာတခြားနယ်ကလူနဲ့ ၊ တရုတ်တွေပဲများ လာနေတယ်။ BGF ၊ DKBA အဖွဲ့အစည်းက ဂိတ်စောင့်တယ်ဆိုတော့ ဘယ်သူမှ အဲ့ဒီဘက် မသွားကြဘူး ၊ တိုက်ပွဲက လက်နက်ကြီး တစ်ဂျိမ်းဂျိမ်းပစ်နေတာ၊ တိုက်လေယာဉ်တွေ ဗုံးကြဲနေတာတောင် သူတို့ ကာစီနို၀င်းတွေမှာတော့ အေးဆေးပဲ ” ဟု ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

တရုတ်ကာစီနိုလောင်းကစားရုံ လုပ်ငန်းများမှာ ၂၀၁၃ ခုနှစ်ခန့်မှစ၍ မြ၀တီ ထိုင်း-မြန်မာ နယ်စပ် ကရင်လက်နက်ကိုင်အဖွဲ့အစည်းဂိတ်များအတွင်းနှင့် ၎င်းတို့ ကျောထောက်နောက်ခံပြု လုပ်ငန်းရှင် များစတင်လုပ်ကိုင်ကြသည့် အခြေအနေမှ တရုတ်နိုင်ငံသားများစတင်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ထို့နောက် ရွှေကုက္ကိုလ်ဒေသနှင့် မြ၀တီထိုင်းနယ်စပ်သောင်ရင်းမြစ် နယ်ခြားစောင့်တပ်-BGF ဂိတ်စခန်း မြေဧရိယာများတွင် တရားမ၀င် ကာစီနို၊ အွန်လိုင်းဂိမ်း၊ ဖျော်ဖြေရေးလုပ်ငန်းများ ဆက်လက်ကြီး ထွားလာကာ မြို့ပေါ်လူနေရပ်ကွက် မြေနေရာများအထိ ပျံ့နှံ့ နေရာယူလာပြီး ယခုစစ်အာ ဏာသိမ်းပြီးနောက်ပိုင်းတွင် ပိုမိုကျယ်ပြန့်လာသည့် တရားမ၀င်လုပ်ငန်း အဆောက်အဦးများနှင့် လုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...