မူးယစ်ဆေးဝါးရောင်း၀ယ်သူများအား ဖမ်းဆီးအရေးယူခြင်းမရှိဘဲ သုံးစွဲသူလူငယ်များကိုသာ ဖမ်းဆီးငွေညှစ်နေ

မူးယစ်ဆေးဝါးရောင်း၀ယ်သူများအား ဖမ်းဆီးအရေးယူခြင်းမရှိဘဲ သုံးစွဲသူလူငယ်များကိုသာ ဖမ်းဆီးငွေညှစ်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်၊ ကျုံဒိုးမြို့နယ်အတွင်း ကျေးရွာများဘက်တွင် နယ်ခြားစောင့်တပ်-BGFမှ မူးယစ်ဆေးဝါး ရောင်း၀ယ်သူများအား ဖမ်းဆီးအရေးယူခြင်းမရှိဘဲ သုံးစွဲသူလူငယ်များကိုသာ ဖမ်းဆီးနှိပ်စက်ငွေညှစ်တောင်းခံမှု များလုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

ကျုံဒိုးမြို့နယ်၊ ကျုံဘိုင်းကျေးရွာသားက “မူးယစ်ဆေးရောင်းတဲ့ သူ၊ ရောင်းတဲ့အိမ်က အေးအေးဆေးဆေးပဲ၊ မြင်းဆေးက ရောင်းတဲ့ကို သူမဖမ်းဘူး၊ သုံးတဲ့ကလေးကိုဖမ်းတယ်၊ ပြီးရင် ခြိမ်းခြောက် ငွေညစ်တယ်၊ ဖမ်းမိတဲ့ ဆေးအလုံးအရေအလိုက် ဒဏ်ဆောင်ခိုင်းတယ်၊ ၁၀ သိန်း၊ ၁၅ သိန်း၊ သိန်း၂၀ လိုမျိုး ငွေတောင်း ပြန်လွှတ်တယ်၊ ပြန်ပြောရင် ရိုက်နှက်နှိပ်စက်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လက်ရှိ ကျုံဒိုးမြို့နယ်တွင် စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားများ ဖယိုဖရဲဖြစ်နေပြီး တရားဥပဒေစိုးမိုးမှုမရှိတော့သဖြင့် မည်သည့်အဖွဲ့ကို အားကိုးရမှန်းမသိတော့ကြောင်းနှင့် လူငယ်များအား ယခုလို ဖမ်းဆီးနှိပ်စက်ငွေညှစ်မှုများကြောင့် လူငယ်အများအပြား ထိုင်းနိုင်ငံဘက် ဆွေမျိုးမောင်နှမများထံ သို့ ပို့ဆောင် ထားကြရသည့်အခြေအနေဖြစ်နေကြောင်း အဆိုပါ ကျုံဘိုင်းရွာသားက ဆက်ပြောသည်။

“ဘယ်သူ အာဏာရှိပြီး ဘယ်သူကို ကြောက်ရ၊ ဘယ်သူ့ကိုအကူအညီ တောင်းရမှန်းမသိဘူး။ ရွာတွေမှာ ဘုန်း ကြီးလည်း မကယ်နိုင်၊ အုပ်ချုပ်ရေးမှူးလည်းမရှိ၊ BGF လက်နက်ကိုင်တွေပဲ အမျိုးမျိုးစည်းကမ်းထုတ်ပြီး လုပ်ချင်ရာလုပ်နေကြတာ မျိုးဖြစ်နေတယ်၊ အနေချောင်ချင်ရင် သူတို့နဲ့ တည့်အောင်ပေါင်းပြီး ကိုယ့်အလုပ်ကိုယ် လုပ်နေကြရတယ်။ ရွာက အရွယ်ရောက်တဲ့ ကလေးမိဘတွေ တောင်ပေါ်ပဲ သွားခိုင်းကြတော့တဲ့ အခြေအနေ ဖြစ်လာတယ်။ “ဟု ထိုကျုံဘိုင်းကျေးရွာသားက ပြောသည်။

ကရင်ပြည်နယ်အတွင်း ကော့ကရိတ် ၊ ကျုံဒိုးမြို့နယ်၊ ကျေးရွာများဖြစ်သော ဒေါ့ဖျာ၊ ကော့ကမာ၊ ကျုံဘိုင်း၊ ချောင်းဖျား၊ နဘူး၊ ဒေါ်လမ်း၊ မြပတိုင် ၊ ဘုရားကုန်း ကျေးရွာများဘက်တွင် မူးယစ်ဆေးဝါး ရောင်း၀ယ် သုံးစွဲ မှုများ မြင့်တက်လာနေသလို ကျုံဒိုးမြို့နယ် မြောက်ပိုင်း ကမ်းနီ၊ ကော့ဘိမ်း၊ ကော့ပေါက်နှင့် ကော့ကျိုက် ကျေးရွာ မွန်တိုင်ရင်းသားဒေသများဘက်တွင်လည်း မွန်အပစ်ရပ်လက်နက်ကိုင်များမှလည်း ဒေသအတွင်း မူးယစ်ဆေးဝါး ရောင်း၀ယ်ဖောက်ကား ဖြန့်ဖြူးသူများအား အရေးယူခြင်းမရှိဘဲ သုံးစွဲသည့် လူငယ်များကိုသာ အလားတူ ဖမ်းဆီးငွေညှစ်မှုများကြုံနေကြရသည်ဟု ကော့ဘိမ်းဒေသခံများက ပြောသည်။

“အရင်က ဆေးဖမ်းမိရင် ရဲဌာနကိုအပ်တယ်၊ သူတို့က ဂုဏ်ပြုဆုယူတယ်၊ အခုက အဲ့လို မဟုတ်တော့ဘူး ၊ ဆေး ဖမ်းတယ်၊ တစ်လုံးမိတစ်သိန်း၊ ၂ လုံးမိ ၂ သိန်း၊ အများကြီး အထုပ်နဲ့ မိတာဆို သိန်းဆယ်၊ ရာချီတောင်း ငွေညှစ် ဖမ်းထားတာမျိုး လုပ်တယ်၊ စစ်ကောင်စီဘက်တော့ ဖမ်းပြီးမအပ်ဘူး၊ တစ်ကယ့်ကို ဆေးရောင်းနေတဲ့ အိမ်တွေ ကျတော့ ဖမ်းတာ မျိုးမရှိဘူးဖြစ်နေတော့ ရပ်ရွာကလည်း လက်နက်ကိုင်အဖွဲ့တွေ တင်မဟုတ်တော့ဘူး။ သူတို့နဲ့ နီးစပ်ပတ်သက်သူတွေပါ ကြောက်နေကြရတာမျိုး ကြုံနေကြရတယ်”ဟု ကော့ဘိမ်းကျေးရွာ အရပ်ဖက် လူမှုရေးကူညီလုပ်ဆောင်သူတစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိမ်း၊ ကော့ပေါက် မွန်တိုင်းရင်းသားကျေးရွာများတွင် မွန် /ကရင် အပစ်ရပ်အမည်ခံ အဖွဲ့အစည်း၀င်များ ပုံစံမျိုးနေထိုင်ပြီး မူးယစ်ဆေးဝါး၊ လောင်းကစားလုပ်ငန်းများလုပ်ဆောင်နေမှုမှာ စစ်အာ ဏာသိမ်းပြီး နောက်ပိုင်းပိုပြီးများလာကြောင်း၊ စစ်ကောင်စီအုပ်ချုပ်ရေး မလွှမ်းမိုးနိုင်သည့် ကျေးရွာဘက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကပင် အုပ်ချုပ်၊ အရေးယူ၊ စည်းကမ်းထုတ်မှုမျိုးဖြင့် နေထိုင်နေကြရ ကြောင်းလည်း ဒေသခံများက ပြောသည်။

ယခုအခြေအနေနှင့်ပတ်သက်၍ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများ၏ နယ်မြေခံတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်း၍ မရရှိပေ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်ဒေသတွင်း မြို့ရွာများ ပုံမှန်အနေအထား ပြန်လည် နေထိုင်လည်ပတ်နေသည့် အခြေအနေအဖြစ် ထင်ဟတ်စေရန် စစ်ကောင်စီဘက်မှ ကျေးရွာများတွင် ပွဲလမ်းသဘင် အခမ်းအနား ၊ နေ့ထူးနေ့မြတ်ပွဲတော်များတွင် လောင်းကစားအာဝါဒေးပွဲများ၊ မူးယစ်ဆေး ရောင်းချသူများ၊ တရားမ၀င် ဂိမ်းရုံများ၊ လိုင်စင်မဲ့ ဖျော်ဖြေရေးလုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန် ပြန်လည်ခွင့်ပြုလာသည်ဟု ဒေသခံရွာသားများက ပြောသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...