ကေအဲန်ယူထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ(၃) ကျောက်ကြီးမြို့နယ်တွင် ကရင်လူငယ် (၂၃)ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးရိုက်နှက်ကာ ညှင်းပန်းနှိပ်စက်မှုများပြုလုပ်ပြီး ယနေ့အထိ ပြန်လည် လွတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
နယ်မြေခံ ကရင်လူမှုရေးရာအဖွဲ့ဝင်တစ်ဦးက “အခုထိ အဲဒီလူငယ် ၂၃ယောက်ကို ပြန်လွတ်ပေးတာမရှိဘူး။ လူသား ဒိုင်းအဖြစ် ဖမ်းဆီးချုပ်နှောင်ထားတုန်းပဲ။ သူတို့နဲ့လည်း အဆက်အသွယ်မရသေးဘူး။ ဒီဘက်မှာ စစ်တပ်တက် လာလို့ ဒေသခံတွေကလည်း ရွာလုံးကျွတ် ထွက်ပြေးကုန်ပြီး။”ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၁၄)ရက်နေ့တွင် စစ်ကောင်စီ ခမရ-၅၉၉ ပူးပေါင်းတပ်မှ ကျောက်ကြီးမြို့နယ် ဒေါင်းမို့ကျေးရွာ အုပ်စုအတွင်းရှိ အလယ်စုကျေးရွာနှင့် ဝါးပင်စုကျေးရွာထဲ၌ ဝင်ရောက်ကာ ကျေးရွာထဲရှိ သက်ကြီးရွယ်အို၊ ကလေး ငယ်များနှင့် အမျိုးသမီးများ အပါအဝင် အဆိုပါလူငယ်များကို ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။
အဆိုပါဖမ်းဆီးခံရသည့် ဒေသခံ ပြည်သူလူထုများထဲတွင် သက်ကြီးရွယ်အို၊ ကလေးငယ်များနှင့် အမျိုးသမီးများကို ပြန်လည်လွတ်ပေးသော်လည်း ထိုကရင်လူငယ် (၂၃)ဦးကို လွတ်ပေးခြင်းမရှိသည့်အပြင် ဖမ်းဆီးချုပ်နှောင်ထား၍ ရိုက်နှက် ညှင်းပန်းနှိပ်စက်မှုများပြုလုပ်နေသည်ဟု ကေအဲန်ယူမှ ဇူလိုင်လ (၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်ထား သည်။
ဖမ်းဆီးခံထားရသည့် ကရင်လူငယ် ၂၃ဦးကို စစ်ကောင်စီတပ်မှ တာလမ်းပေါ်တွင် လက်ပြန်ကြိုးတုတ်၍ တစ်နေကုန် ရိုက်နှက် ညှင်းပန်းနှိပ်စက်မှုများပြုလုပ်နေခြင်းရှိသည်ဟု ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထား သည်။
ထို့အပြင် ဇူလိုင်လ (၁၄)ရက်နေ့ တွင်လည်း စစ်ကောင်စီတပ် ခမရ-၃၅၁၊ ခမရ -၆၀ ပူးပေါင်းတပ်မှ ကျောက်ကြီးမြို့ နယ် စပ်လဲကျေးရွာထဲတွင် လက်နက်ကြီးနှင့် ပစ်ခတ်သည့်အတွက် အသက်(၄၀)အရွယ် ဖခင်ဖြစ်သူ သေဆုံးပြီး အသက် မပြည့်သေးသည့် (၆)လသားအရွယ်ကလေးငယ်တစ်ဦးနှင့် (၁၂)အရွယ်ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ သွားသည်ဟုလည်း ကေအဲန်ယူ သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၄)ရက်နေ့တွင်လည်း စစ်ရှောင်ပြည်သူများကို ကူညီဆောင်ရွက်ပေးနေသည့် ညောင်လေးပင်ခရိုင် ဒေသခံ ကရင်အရပ်ဖက်လူမှုရေးရာအဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်ကို ဆိုသူကိုလည်း စစ်ကောင်စီတပ်မှ ဖမ်း ဆီးသတ်ဖြတ်ခြင်းရှိခဲ့သည့်အပြင် ဇူလိုင်လ(၁၁)ရက်နေ့တွင်လည်း ကျောက်ကြီးမြို့နယ်ရှိ အသက် ၆၂အရွယ် အင်းနက်ရွာနေ ဦးမြင့်အေးကိုလည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီးနောက် ဇူလိုင်လ (၁၄)ရက်နေ့တွင် သောင်ပုကျေးရွာနေ အသက် (၂၇)နှစ်အရွယ် စောလာဘူအားကိုလည်း စစ်ကောင်စီတပ်မှ ထပ်မံ ဖမ်းဆီးသတ်ဖြတ်ခဲ့ သည်။
ဒေသခံတစ်ဦးက “ရွာထဲကိုဝင်လာတဲ့ စစ်တပ်တွေက မထင်ရင်မထင်သလို လူထုကိုဖမ်းဆီးလုပ်ဆောင်တယ်။ တချို့ စစ်ရှောင်တွေဆိုရင် ရွာမှာ နွားစာ၊ ဝက်စာပြန်ကျွေးတာတွေ ပစ္စည်းပြန်ယူတာတွေရှိတယ်။ အဲဒါကို သူတို့နဲ့တိုးရင် သူတို့ ဖမ်းတာပဲ။ အခု အသွားအလာ သူတို့နဲ့မတိုးရင် အကောင်းဆုံး။ ရွာထဲဝင်ပြီးဆိုရင် တွေ့တဲ့လူတွေကို အဲလို ဖမ်း ဆီးတာတွေရှိလို့ တချို့လူထုတွေက ကြိုတင် စစ်ရှောင်နေရတာလည်း ပါတယ်။”ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီတပ်မှ နိုင်ငံအာဏာသိမ်းယူပြီးသည့်အချိန်မှစတင်၍ ဇူလိုင်လအထိတွင် ကျောက်ကြီးမြို့နယ်ထဲတွင် စစ် ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံနေရသည့် ဒေသခံ (၂၉)ဦး ရှိနေပြီဖြစ်သည်ဟုလည်း ဒေသခံ ကရင်လူမှုရေး ရာအဖွဲ့ထံမှ သိရသည်။
ကေအဲန်ယူ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်တို့တွင် လက်ရှိအချိန်တွင် စစ်ကောင်စီတပ်မှ ဆက်လက် အင်အားတိုးချဲ့ကာ နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ (KNDO) ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်မှ ကျေးရွာများထဲသို့ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ကျေးရွာလူထုနေအိမ်နှင့် တဲများကို မီးရှို့ဖျက်ဆီးခြင်းနှင့် လူထုများကို အဓမ္မ ဖမ်းဆီးသတ်ဖြတ်ခြင်းများရှိသည့်အတွက် လက်ရှိအချိန်တွင် သောင်းနှင့်ချီသည့် ဒေသခံလူထုမှာလည်း ထွက်ပြေး တိမ်းရှောင်နေရသည်။







