စစ်ကောင်စီအင်အားတိုးချဲ့သည့် ကျောက်ကြီးနှင့် မုန်းဒေသတွင် စစ်ဘေးရှောင်များ အမိုးအကာ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေဆဲ

စစ်ကောင်စီအင်အားတိုးချဲ့သည့် ကျောက်ကြီးနှင့် မုန်းဒေသတွင် စစ်ဘေးရှောင်များ အမိုးအကာ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေဆဲ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)ရှိ ကျောက်ကြီးနှင့် မုန်းမြို့နယ်ဘက် တွင် စစ်ကောင်စီမှ တပ်အင်အား ထပ်မံတိုးချဲ့လာကာ နှစ်ဖက် ထိတွေ့တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေသဖြင့် စစ်ဘေးရှောင်ဦးရေ ပိုတိုးလာသလို ၎င်းတို့အတွက် အမိုးအကာ၊ ဆေးဝါးနှင့် အခြေခံ စားနပ်ရိက္ခာများ လိုအပ်နေဆဲ ဖြစ်ကြောင်း စစ်ဘေးရှောင် ကူညီစောင့်ရှောက်ပေးနေသူများက ပြောသည်။

ဇွန်လကုန်မှစ၍ စစ်ကောင်စီနှင့် ကေအဲန်ယူအကြား နှစ်ဖက် တင်းမာမှုများ ပိုမိုဖြစ်ပွားလာပြီး ယခု ဇူလိုင်လဆန်းပိုင်း တွင် စစ်ကောင်စီ တပ်စခန်းငယ် ၅ခုခန့် တိုက်ခိုက် သိမ်းပိုက်ခံလိုက်ရသောကြောင့် စစ်ကောင်စီဘက်မှ စစ်အင်အား တိုးချဲ့လှုပ်ရှားလာကာ နှစ်ဖက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး ၎င်းတိုက်ပွဲများကြောင့် ကေအဲန်ယူ၏ မြို့ နယ် ၂ခုတွင် စစ်ဘေးရှောင် ၇သောင်းနှင့် တစ်သိန်း နီးပါးရှိလာခဲ့ပြီး အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီပေးသူတစ်ဦးက ယခုလို ပြောသည်။

“ပြေးနေရတဲ့သူ ဦးရေကတော့ များများလာနေတုန်းပဲ။ ဘာဖြစ်လဲဆိုတော့ နေ့တိုင်းလိုလိုက အသံပေါက်နေတုန်းပဲ။ ဒီနေ့လည်း ဖြစ်နေတုန်းပဲ။ အခု စစ်ဘေးရှောင်တွေအတွက် အရေးတကြီး လိုအပ်နေတာက အစားအသောက်တွေ ဆေးဝါးတွေ အထူးသဖြင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်။ ကျနော်တို့ကတော့ ရနိုင်သလောက် လုပ်ပေးထားတယ်။ အခုက ကျန်းမာရေးအတွက်ကော စားသောက်ရေးနဲ့ နေရာ ထိုင်ခင်း အမိုးအကာတွေ လိုအပ်နေတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ စစ်ဘေးရှောင်ဦးရေအရ ယခင်က ကျောက်ကြီးမြို့နယ်အတွင်း တစ်သောင်းခွဲကျော်ရှိနေပြီး မုန်းမြို့နယ်တွင်မူ ၆သောင်းကျော်ရှိပြီး ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာပေါင်း ၃၀ကျော်ခန့်နှင့် မုန်းမြို့နယ်တွင် ကျေးရွာပေါင်း ၄၀ကျော် စစ်ဘေးရှောင်နေကြရကြောင်း အဆိုပါစစ်ဘေးရှောင်များကူညီပေးသူက ဆက်ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များထဲမှ အချို့မှာ နီးစပ်ရာ ဆွေမျိုးများရှိရာ ကျောက်ကြီးမြို့၊ တောင်ငူမြို့နှင့် ဖားအံမြို့ အပါအ ဝင် တခြားနယ်စပ်ဒေသများသို့ စွန့်ခွာထွက်သွားသူများ ရှိကြသော်လည်း ကျေးရွာအနီး တောတောင်ဒေသများ၌ ထွက် ပြေးခိုလှုံကြသူများမှာ အများစုဖြစ်နေပြီး ကလေးငယ် အပါအဝင် သက်ကြီးရွယ်အို အများအပြား ပါဝင်သည့်လူဦးရေ ၅သောင်း ဝန်းကျင်ခန့်ရှိနေကြောင်း စစ်ဘေးရှောင်ဒေသခံများထံမှ သိရသည်။

လတ်တလောအချိန်ထိ စစ်ကောင်စီဘက်မှ စစ်အင်အားတိုးချဲ့၍ စစ်ရေးပိုမို လှုပ်ရှားနေဆဲဖြစ်သောကြောင့် နှစ်ဖက် တိုက်ပွဲများ ဆက်လက် ပြင်းထန်လာဖွယ်ရှိပြီး စစ်ဘေးရှောင်ဦးရေလည်း ပိုတိုးလာဖွယ်ရှိနေသလို မိုးတွင်းကာလဖြစ် သောကြောင့် စစ်ဘေးရှောင်များအတွက် နေထိုင်စားသောက်ရေးနှင့် ဆေးဝါး လိုအပ်ချက် အခက်အခဲများ ရှိလာနိုင် ကြောင်းလည်း စစ်ဘေးရှောင် ကူညီပေးနေသူများက ခန့်မှန်းပြောဆိုနေကြသည်။

အဆိုပါ စစ်ဘေးရှောင်များ ရပ်တည်ရေးအတွက် လတ်တလော ဒေသတွင်း အလှူရှင်များနှင့် တစ်သီးပုဂ္ဂလ အလှူရှင် များ၏ ကူညီလှူဒါန်းမှုဖြင့်သာ ယာယီ ဖြေရှင်းထားနေရပြီး ထိုသို့ အကူအညီပေးနေသူများကိုလည်း စစ်ကောင်စီဘက် မှ ဖမ်းဆီးသတ်ဖြတ်မှုများရှိနေကြောင်း ပြီးခဲ့သည့် ဇူလိုင်လ ၄ရက်နေ့၊ ကေအဲန်ယူ၏ ထုတ်ပြန်ထားချက်အရ စစ်ဘေး ရှောင်ပြည်သူများအတွက် ကွင်းဆင်းကူညီပေးနေသူ စောလားကပေါ် (ခ) စောဖားဘော် ဆိုသူမှာ စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ငွေကြေးသိမ်းယူခံရမှုဖြစ်ခဲ့ကြောင်း ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ (၃)ရက်နေ့က မုန်းမြို့နယ်ရှိ အင်းလောင်းစိန် ရွာသား(၂)ဦးကိုလည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးရိုက်နှက်ခြင်းရှိခဲ့ကြောင်းလည်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ရက်နေ့မှစ၍ စစ်ကောင်စီနှင့် KNU လက်အောက်ခံ တပ်ဖွဲ့ဝင်များအကြား နှစ်ဖက် တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံး များနေသလို စခန်းငယ် (၅)ခုကိုပါ လက်လွှတ်ဆုံးရှုံးထား လိုက်ရပြီး ၎င်းအပေါ် တုန့်ပြန်သည့်အနေဖြင့် စစ်ကောင်စီဘက်မှ စစ်အင်အား ပိုမိုတိုးချဲ့လာသလို နေ့စဉ် ကျေးရွာအ တွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ဆိုသည်။

၎င်းထိတွေ့တိုက်ပွဲများမတိုင်မီကလည်း စစ်ကောင်စီဘက် ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာပေါင်း ၂၀ နီးပါးကို ကေအဲန်ယူအား လက်ခံခြင်းမပြုရန်နှင့် လက်ခံထားမည်ဆိုပါက ကျေးရွာအတွင်း ထွက်ခွာရန် ခြိမ်းခြောက် မောင်းထုတ်ခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာအတွင်း ပစ်ခတ်ခြိမ်းခြောက် ဖိအားပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ကေအဲန်ယူဘက်က ထုတ်ပြန်ထားသေးသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...