ကေအဲန်ယူ တပ်မဟာ ၃ တွင် စစ်ကောင်စီတပ် အင်အားအလုံးအရင်းတိုးချဲ့လာသဖြင့် ဒေသခံ ၅၀,၀၀၀ ကျော်တိမ်းရှောင်ရ

ကေအဲန်ယူ တပ်မဟာ ၃ တွင် စစ်ကောင်စီတပ် အင်အားအလုံးအရင်းတိုးချဲ့လာသဖြင့် ဒေသခံ ၅၀,၀၀၀ ကျော်တိမ်းရှောင်ရ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃) နယ်မြေ၊ မုန်းမြို့နယ်(ရွှေကျင်) ထဲရှိ စစ် ကောင်စီတပ်စခန်းငယ်အချို့တိုက်ခိုက်ခံရပြီးနောက် အင်အားအလုံးအရင်းဖြင့်တိုးချဲ့လာပြီး ကျေးရွာများထဲသို့ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်သည့်အတွက် ဒေသခံ လူထု ၅၀၀၀ဝ (ငါးသောင်း)ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၂ ရက်နေ့မှစတင်၍ ကေအဲန်ယူ မုန်းမြို့နယ်ထဲတွင် စစ်ကောင်စီတပ်စခန်းငယ်(၅)ခုကို နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)က တက်ရောက်တိုက်ခိုက်သိမ်းယူပြီးနောက် စစ်ကောင်စီ တပ်ဘက်မှ အင်အားအလုံးအရင်းဖြင့် အင်အားတိုးချဲ့လာ၍ ဒေသတွင်း တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်သည့်အတွက် ၎င်းစခန်းတို့နှင့်နီးသည့် ကျေးရွာများမှ ဒေသခံသောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ဒေသတွင်းစစ်ရှောင်ကူညီသူများက ကေအိုင်စီသို့ ပြောသည်။

“စခန်းသိမ်းနောက်ဆက်တွဲကြောင့်လည်းပါတယ်။ နောက်ပြီး လက်ရှိ အင်အားတွေ အလုံးအရင်းထပ်ပြီး တိုးချဲ့လာတာဆိုတော့ တချို့က မရွှေ့ပြောင်းသေးတဲ့ ကျေးရွာတွေလည်း ပြည်သူတွေကကြောက်ပြီး အထုပ်အပိုးတွေပြင်ဆင်တယ်။ သွားကြတာ တဖွဲဖွဲပဲ ။ စစ်တောင်းအနောက်ဘက်ကမ်း ကူးသွားတာ မနည်းဘူး။ အင်အားတိုးချဲ့လာတော့ တိုက်ပွဲဖြစ်မှာစိုးရိမ်ပြီးတော့ နောက်ပိုင်းစစ်ရှောင်တွေက မြို့ထဲကို သွားတိမ်းရှောင်တဲ့ လူတော့များလာတယ်။”ဟု အဆိုပါ စစ်ရှောင်ကူညီဆောင်ရွက်ပေးနေသည့် ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်များ ထိုသို့ တပ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးတက်လာခြင်းကြောင့် ကေအဲန်ယူ မုန်းမြို့နယ်ထဲတွင် ကျေးရွာပေါင်း ၄၀ ကျော်မှ စစ်ရှောင် ၄၀,၀၀၀ (လေးသောင်း)ခန့် ထွက်ပြေးတိမ်း ရှောင်နေရသကဲ့သို့ ကျောက်ကြီးမြို့နယ်ဘက်တွင်လည်း ကျေးရွာပေါင်း ၂၀ကျော်မှ စစ်ရှောင် ၁၇၀၀၀ (တစ်သောင်းခုနှစ်ထောင်)ကျော်ထွက်ပြေးတိမ်းရှောင်ကြရပြီးဟု စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ကျောက်ကြီး၊ မုန်းနှင့် တောင်ငူမြို့များဘက်တွင် သွားရောက်တိမ်းရှောင်နေသူ အချို့ရှိသလို တောထဲတောင်ထဲ၌ သွားရောက်တိမ်းရှောင်နေသူများလည်း အများအပြားရှိသဖြင့် ၎င်းစစ်ရှောင်များအတွက် အကူအညီ ရိက္ခာများပို့ဆောင်ရန် အခက်အခဲကြုံတွေ့နေရသည်ဟု စစ်ရှောင်ကူညီသူ များက ပြောသည်။

“ အခုကျနော်တို့က အလှူရှင်နဲ့ချိတ်ဆက်ပြီး လှူဖို့ပြင်ဆင်ထားတာတွေရှိတယ်။ စစ်ရှောင်တဲ့နေရာကိုသွားဖို့ တချို့လမ်းကြောင်းတွေက လုံးလုံးပိတ်သွားပြီး။ လမ်းတစ်လျှောက်လုံးမှာ စစ်တပ်တွေက ရှိတဲ့အခါကျတော့ သယ်ရ၊ ပြုရ အခက်အခဲတွေရှိတယ်။ စစ်တပ်အင်အားတိုးချဲ့လာတော့ အစစ်အဆေးတွေပိုကြမ်းလာတယ်။ ပြီးတော့ စစ်ရှောင်အချို့ အိမ်မှာရိက္ခာပြန်ယူတာ ၊ အိမ်မွေးတိရိစ္ဆာန်အစာပြန်ကျွေးတာရှိတော့ လမ်းမှာ စစ်တပ်နဲ့ထိပ်တိုက်တိုးပြီး စစ်တပ်ဘက်က ဖမ်းဆီးတာတွေရှိတယ်”ဟု အမည်မဖော်လိုသူ စစ်ရှောင်ကူညီသူက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ (၃)ရက်နေ့က မုန်းမြို့နယ်ရှိ အင်းလောင်းစိန် ရွာသား(၂)ဦးကိုလည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးရိုက်နှက်ခြင်းရှိခဲ့ကြောင်းလည်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားတိုးချဲ့လာသည့်အပြင် လေယာဉ်ဖြင့်လည်းလာရောက်ထောက်လှမ်းနေမှုနှင့် ကျေးရွာအတွင်းရှိ လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ဘေးလွတ်ရာသို့ထွက်ပြေး တိမ်းရှောင်နေရသော ဒေသခံအမြောက်အများမှာ လက်ရှိအချိန်တွင် ကျန်းမာရေးပြဿနာနှင့် စားဝတ်နေရေးပြဿနာကြုံတွေ့နေရသည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...