တရုတ်နဲ့ အာဆီယံ ဖိအားကြောင့် စစ်ကောင်စီ တွေ့ဆုံဆွေးနွေးတဲ့ လမ်းစဉ်ကို ပြောင်းလဲလာနိုင်

တရုတ်နဲ့ အာဆီယံ ဖိအားကြောင့် စစ်ကောင်စီ တွေ့ဆုံဆွေးနွေးတဲ့ လမ်းစဉ်ကို ပြောင်းလဲလာနိုင်

တရုတ်နဲ့ အာဆီယံ ဖိအားကြောင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းမှာ အာဏာသိမ်း စစ်ကောင်စီအနေနနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကို ပြောင်းလဲလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြန်မာပြည်ကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားဝန်ကြီး ဝမ်ယီတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့က ပုဂံမြို့မှာ ပြုလုပ်တဲ့ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးပွဲ တက်ရောက်ခဲ့ပြီး အဲဒီအစည်းအဝေးမှာ မြန်မာ့အရေးဖြေရှင်းဖို့ တရုတ်ရဲ့ မျှော်လင့်ချက် သုံးရပ်ကို ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

အဲဒီ မျှော်လင့်ချက် ၃ ရပ်မှာ မြန်မာ့နိုင်ငံရေး ပြန်လည်သင့်မြတ်ဖို့ အပါအဝင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ပြီး တိုင်းပြည်အာဏာကို ပြည်သူတွေထံ ပြန်အပ်နှင်းရေး နည်းလမ်းရှာဖွေဖို့နဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အပြုသဘောဆောင် ညှိနှိုင်းအကောင်အထည်ဖော်ဖို့ ပါဝင်ပါတယ်။

နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးရဲထွန်းကတော့ တရုတ်နိုင်ငံရဲ့ မြန်မာ့အရေး မျှော်လင့်ချက်ဟာ စစ်ကောင်စီအနေနဲ့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို မလုပ်ဆောင်နိုင်ရင် NLD ခေါင်းဆောင်တွေနဲ့ တွေ့ဆုံညှိနှိုင်းတာ လုပ်ဖို့ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“သူ့အနေနဲ့ (စကစ) အခုလုပ်နေတဲ့ လုပ်ငန်းတာဝန် မပြီးမြောက်ဘူးဆိုလို့ရှိရင် ရွေးကောက်ပွဲလည်း ဖြစ်လာနိုင်စရာ အကြောင်းမရှိသလို တစ်ခြားထွက်ပေါက်ကို စဥ်းစားရတော့မှာပေါ့။အဲဒီတော့ ရွေးကောက်ပွဲမဖြစ်ဘူး၊ ဒီပဋိပက္ခတွေ ပြည်တွင်း တရားဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေးကို သူမလုပ်နိုင်ဘူးဆိုလို့ရှိရင် NLD ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတာ၊ ညှိနှိုင်းတာ လုပ်ဖို့ ပိုပြီးတော့ လမ်းပွင့်လာနိုင်တာပေါ့။ အဲဒီလို မဟုတ်ဘဲနဲ့ သူက ထိန်းနိုင်တယ်လို့ သူ့ကိုယ်သူ ယူဆနေရင်တော့ ချမှတ်ထားတဲ့ သူတို့ရဲ့ ရှေ့လုပ်ငန်းစဥ်တွေအတိုင်း သူက ဆက်သွားမှာပဲ”လို့ ဦးရဲထွန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက မြန်မာ့အရေးဖြေရှင်းဖို့ ပါဝင်သင့်ပါဝင်ထိုက်သူ အားလုံးနဲ့ တွေ့ဆုံညှိနှိုင်းဖို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းကလည်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံစဉ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် ပရက်ဆော့ခွန်းရဲ့ တောင်းဆိုချက်တွေ ဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်ကနေ မူလထိန်းသိမ်းထားတဲ့နေရာ ပြန်ထားဖို့ အပါအဝင် တွေ့ဆုံခွင့်ပေးဖို့ ကိစ္စရပ်တွေကိုတော့ စစ်ကောင်စီက ပယ်ချထားတာ ဖြစ်ပါတယ်။

မဲစာရင်း အကြောင်းပြပြီး အာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီကတော့ အရေးပေါ်ကာလ ပြဌာန်းချက်တွေကို လုပ်ဆောင်ပြီးရင် လာမယ့် ၂၀၂၃ မှာ လွတ်လပ်ပြီးတရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပပြီး အနိုင်ရပါတီကို အာဏာပြန်လွှဲပေးမယ်လို့ ကြေညာထားခဲ့တာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံရေးမှာ မဖြစ်နိုင်တာ မရှိဘူးလို့ ပြောဆိုတာတွေ ရှိလာခဲ့တာပါ။

လက်ရှိမှာတော့ နိုင်ငံတဝန်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေသလို စစ်ကောင်စီဘက် နယ်မြေဒေသတချို့ကို လက်လွှတ်ထားရတဲ့ အခြေအနေထိ  ဖြစ်ပေါ်လာပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...