ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကျုံဒိုးမြောက်ပိုင်း ကျေးရွာများတွင် စစ်ကောင်စီ အာဏာသိမ်းမှုကို ထောက်ခံ သူ ကျောင်းဆရာတစ်ဦးနှင့် Non-CDM များက BGF နယ်ခြားစောင့်တပ်နှင့် ပူးပေါင်းကာ ဒေသအတွင်း CDM လုပ်သူ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသားများအား ခြိမ်းခြောက်ဖိအားပေးမှုများကြောင့် ယခုအချိန်တွင် ရှောင်တိမ်း နေကြရကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။
ဒေသခံတစ်ဦးက “ကျုံဒိုး တောင်ကမ္မရိုက်၊ မြောက်ကမ္မရိုက် ရွာဘက်တွေမှာ စစ်ကောင်စီ ထောက်ခံတဲ့ ကျောင်းဆရာ ပန်းအေးနဲ့ သူတို့ Non-CDM ဆရာမတွေက ရွာက ခလေးတွေကို ဘော်ဒါကျောင်းတွေပြန်တက်ဖို့ လိုက်စည်းရုံးတယ်။ ရွာဘက်က BGF နယ်ခြားစောင့်တပ် အုပ်စုတွေကို ရွာဘက်တွေက CDM ဆရာမတွေကို ကျောင်းပြန်ဖွင့်ဖို့၊ ရုံးပြန်တက် ဖို့။ မတက်ရင် ၀န်ထမ်းပြန်မလုပ်ရင် ဖမ်းမယ်၊ ထောင်ချမယ် ဆိုတာမျိုး။ တိုင်းပြည်ဖျက်နေတဲ့သူတွေ ရွာတွေမှာ လက် မခံကြဖို့ လိုက်ပြီး မကောင်းသတင်းပြောတာ၊ ခြိမ်းခြောက်ဖမ်းခိုင်းတာတွေ လုပ်နေတာကြောင့် CDM လုပ်ထားကြတဲ့ သူတွေ၊ စစ်ကောင်စီကျောင်းကို ပြန်မတက်ချင်တဲ့ကျောင်းသားတွေ အခြားရွာတွေမှာ တိမ်းရှောင်နေရတာမျိုးတွေရှိနေ တယ်။”ဟု ဆိုသည်။
သို့သော် အချို့ကလည်း ၎င်းတို့ပြဿနာရှာမည်ကို ကြောက်လန့်သဖြင့် စစ်ကောင်စီပညာရေးလက်အောက်က ဖွင့်လှစ် သည့် ဘော်ဒါဆောင်များ၊ ကျောင်းများသို့ ပြန်လည်အပ်နှံကြ၊ ကျောင်းပြန်တက်ကြသည်များလည်း ရှိသည်ဟုလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ယင်းကျေးရွာများမှာ KNU ဒူးပလာယာခရိုင်၊ (တပ်မဟာ-၆)ရှိ ကျုံဒိုးမြို့နယ်အတွင်းဖြစ်သော်လည်း ဒေသအတွင်းရှိ BGF အဖွဲ့များမှ ကျေးရွာများတွင် ဂိတ်ကင်းစခန်းများထားကာ တစ်ပိုင်တစ်နိုင်လုပ်ငန်းများမှ ငွေကြေးကောက်ခံခြင်း၊ ၎င်းတို့ကိုယ်ပိုင် လောင်းကစားရုံများ ဖွင့်လှစ်ခြင်းများ လုပ်ကိုင်နေကြကြောင်း မြေပြင်သတင်းအရင်းအမြစ်များ၏ ပြောဆိုမှုများ ရှိနေသည်။
ထို့အပြင် အဆိုပါကျေးရွာများဘက်တွင် မူးယစ်ဆေးဝါး ရောင်းချမှုပျံ့နှံ့နေခြင်းကြောင့် သုံးစွဲသူ ပိုမို ပေါများလာသော် လည်း တားမြစ်ပိတ်ပင်မှု မရှိသည့်အတွက် လူငယ်လူရွယ်ရှိသော မိသားစုများမှ မိဘများက ၎င်းတို့၏ သားသမီးများ အတွက် စိုးရိမ်နေကြသည်ဟု မြောက်ကမ္မရိုက်ကျေးရွာမှ ကျောင်းသားမိဘတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
စစ်တပ်ထောက်ခံသူ Non-CDM များက ကျောင်းများ ပြန်ဖွင့်လှစ်နိုင်ရန် ကျေးရွာ ကျောင်းသားမိဘများ၊ စစ်ကောင်စီ ခန့် အုပ်ချုပ်ရေးမှုးများ၊ ရပ်ရွာရှိ ဆရာတော်၊ သံဃာတော်များအား စည်းရုံးကာ စစ်ကောင်စီကျောင်းများ ပြန်လည်ဖွင့် လှစ်နေသော်လည်း ကျောင်းနေအရွယ် အများစုမှာ KECD လက်အောက်ခံ ကရင်စာသင်ကျောင်းများ၊ ဘော်ဒါဆောင် များရှိသည့် ကျေးရွာများသို့ ပို့ဆောင်ကာ စာသင်ကြားစေခဲ့သည်။







