အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းနဲ့ တွေ့ဆုံပွဲမှာ NCA အနှစ်သာရကို အခြေခံပြီး တိုက်တွန်းဆွေးနွေးသွားမယ်လို့ အပစ်ရပ်အဖွဲ့ PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းဟာ သူရဲ့ ဒုတိယအကြိမ် မြန်မာပြည်ခရီးစဉ်ကို ဇွန် ၂၉ ရက်နေ့မှာ စတင်ခဲ့တာပါ။
ဒီခရီးစဉ်မှာတော့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့နဲ့ တွေ့ဆုံသွားဖို့ ရှိနေပါတယ်။
အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းဟာ ဇူလိုင် ၁ ရက်နေ့မှာ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့နဲ့ နေပြည်တော်မှာ တွေ့ဆုံသွားဖို့ စီစဉ်ထားပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံပွဲမှာ NCA အနှစ်သာရကို အခြေခံပြီး လက်ရှိနိုင်ငံရေး ပြဿနာကို အားလုံး ပါဝင် ဆွေးနွေး အဖြေရှာနိုင်တဲ့ အခင်းအကျင်းဖြစ်အောင် တိုက်တွန်းဆွေးနွေးသွားမယ်လို့ အပစ်ရပ်အဖွဲ့ PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။
“အခုလာတဲ့ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းကို ကျော်လွှားဖို့အတွက် သက်ဆိုင်တဲ့လူတွေ အားလုံးနဲ့ တွေ့ဆုံခွင့် ရရှိနိုင်ရေးကိုလည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးဖို့ ၊ သက်ဆိုင်တဲ့ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံနွေးဆွေးပွဲတွေ ဖြစ်မြောက်ဖို့ ကူညီဆောင်ရွက်ပေးဖို့ ။ နောက် ကိုယ်စားလှယ်အနေနဲ့ တွေ့သင့်တွေ့ထိုက်တဲ့သူနဲ့ တွေ့ဆုံနိုင်ရေးကိုလည်းပဲ ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးဖို့ ၊ နောက်တစ်ခါ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုင်တဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည် စတင်နိုင်ဖို့ကိုလည်းပဲ ကူညီဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ တိုက်တွန်းပြောဆိုဖို့ စဥ်းစားထားတာ ရှိပါတယ်”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းကော်မတီ (NSPNC)ကတော့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့အတွက် သူတို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးထားတဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ကို တစ်ဖွဲ့ချင်းစီ တက်ရောက်ဖို့ ဖိတ်ကြားထားတာပါ။
အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့ကို ဖိတ်ကြားထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က အခုလိုပဲ ပြောပါတယ်။
“အခု အတည် ဖြစ်တဲ့ အဖွဲ့တွေကတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့ နစက ဥက္ကဌကနေ တစ်ဖွဲ့ချင်းစီ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို သွားရောက်ခဲ့ပြီးတော့ ပြန်လာတဲ့ အဖွဲ့တွေပဲ ဖြစ်တယ်ဆိုတာကတော့ အဲဒီလို တွေ့ရတာပေါ့။သို့သော်လည်းပဲ ကျန်တဲ့အဖွဲ့တွေ ပါလား၊ မပါဘူးလား ဆိုတာကတော့ တစ်ဖွဲ့ချင်းစီ ဖိတ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်လည်း အတိအကျတော့ ပြောလို့မရဘူးပေါ့”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံမယ့် အပစ်ရပ်အဖွဲ့တွေထဲမှာတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) နဲ့ မွန်ပြည်သစ်ပါတီ(NMSP)တို့ ပါဝင်ပါတယ်။
စစ်ကောင်စီကတော့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးဖို့ စတဲ့ကိစ္စရပ်တွေ ဆွေးနွေးသွားဖို့ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်ဟာ ပြီးခဲ့တဲ့ မတ်လ တတိယတုန်းက မြန်မာပြည်ကို ပထမအကြိမ် လာရောက်ခဲ့တာ ဖြစ်ပြီး အဲဒီခရီးစဉ်မှာတော့ PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ခဲ့ပေမယ့် တွေ့ဆုံနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။







