စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် နယ်စပ် ကုန်စည် စီးဆင်းမှု ရပ်တန့်လုနီးပါး ဖြစ်လာ

စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် နယ်စပ် ကုန်စည် စီးဆင်းမှု ရပ်တန့်လုနီးပါး ဖြစ်လာ

အာဏာသိမ်း စစ်ကောင်စီက နယ်စပ်ကုန်သွယ်ရေးဇုန်တွေမှာ ပြည်ပတင်ပို့မယ့် ပို့ကုန်တွေကို ဒေါ်လာနဲ့ တန်ဖိုး သတ်မှတ်ပြီး တင်ပို့ခိုင်းတာအပြင် သွင်းကုန်လိုင်စင်တွေ လျှောက်ထားခိုင်းလာတဲ့အတွက် နယ်စပ် ကုန်စည် စီးဆင်းမှု ရပ်တန့်လုနီးပါး ဖြစ်လာတယ်လို့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ နယ်စပ်ကုန်သွယ်ရေးဇုန်တွေမှာ ပြည်ပတင်ပို့မယ့် ပိုကုန် ပစ္စည်းအားလုံးကို ဇူလိုင်လ ၁ ရက်နေ့ကစပြီး ဒေါ်လာငွေနဲ့ တန်ဖိုးသတ်မှတ် တင်ပို့ခိုင်းတာ၊ တင်ပို့ ပြီးပါကလည်း ပို့ကုန်ရငွေ ဘဏ်စလစ် ပြနိုင်မှသာ နောက်တစ်ကြိမ် တင်ပို့ခွင့်ပြုမယ်လို့ ညွှန်ကြားထားတာပါ။

စစ်ကောင်စီရဲ့ ညွှန်ကြားချက်ကြောင့် နယ်စပ်ကုန်သွယ်ရေးဇုန်တွေမှာ ပို့ကုန် တင်ပို့ မရှိတော့သလို သွင်းကုန်မှာလည်း ဝင်ရောက် မရှိသလောက် နည်းပါးလားပြီးနောက် ကုန်စည် စီးဆင်းမှု ရပ်တန့်လုနီးပါး ဖြစ်လာတယ်လို့ နယ်စပ်ကုန်သည် တစ်ဦးက ပြောပါတယ်။

“သူတို့တွေက အခုက ဒေါ်လာတွေနဲ့ ပြောင်းလဲ သတ်မှတ် လိုက်တယ်၊ အရင်တုန်းက ဘတ်နဲ့ သတ်မှတ်ထားတယ်၊ မူဝါဒက အမျိုးမျိုး ဖြစ်နေတယ် မငြိမ်သေးဘူး ဖြစ်နေတယ်၊ မြဝတီ မူဆယ် အကုန်လုံး ရှိသမျှ လမ်းတွေ အကုန်လုံးပဲ၊ မြဝတီကနေ အဆင်းကုန်တွေလည်း မရှိတော့ဘူး၊ အတက်ကုန်တွေလည်း မရှိတော့ဘူး၊ ဘာကုန်မှ မရှိတော့ဘူး”လို့ ဆိုပါတယ်။

ကုန်စည် စီးဆင်းမှု မရှိသလောက် နည်းပါးလာတာကြောင့် အခြေခံ စားသောက်ကုန်တွေ ဈေးနှုန်း ထပ်မံ မြင့်တက်နိုင်လာပြီး ကုန်သွယ်ကဏ္ဍပိုမို ကျပ်တည်းလာနိုင်တယ်လို့ နယ်စပ်ကုန်သည်တွေက သုံးသပ်ပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ နယ်စပ်ဒေသတွေကနေ တရားမဝင် ကုန်သွယ်တာနဲ့ ကန့်သတ် ကုန်တင်သွင်းမှုတွေကို ထိထိရောက်ရောက် အရေးယူသွားဖို့ ညွှန်ကြားထားတာပါ။

မြန်မာနိုင်ငံဟာ တရုတ်၊ ထိုင်း၊အိန္ဒိယ၊ လာအို၊ ဘင်္ဂလားဒေ့်နိုင်ငံတွေကို နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဇုန်တွေကနေ တဆင့် ကုန်သွယ်နေတာ ဖြစ်ပါတယ်။

အဲလိုကုန်သွယ်ရာမှာတော့ မြန်မာနိုင်ငံဘက်ကနေ စိုက်ပျိုးရေးထွက်ကုန်တွေကို အဓိက တင်ပို့နေတာ ဖြစ်ပြီး၊ တဖက်နိုင်ငံတွေကတော့ အခြေခံ စားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်နဲ့ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေကို အဓိက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...