စစ်ဘေးရှောင်များဖြင့် ရန်ကုန်တိုက်ခန်းများ ပြည့်

စစ်ဘေးရှောင်များဖြင့် ရန်ကုန်တိုက်ခန်းများ ပြည့်

ရန်ကုန်မြို့ရှိ အချို့သော အိမ်ယာတိုက်ခန်းများတွင် စစ်ဘေးရှောင်လာသူများကြောင့် ငှားရန် အခန်းလက်ကျန် မရှိသည့် အထိဖြစ်လာနေသည်ဟု တိုက်ခန်းအကျိုးဆောင်များက ပြောသည်။

နှစ်စဉ် ဝါဝင်ခါနီးနှင့် ဝါထွက်ချိန် သီတင်းကျွတ်တွင် အိမ်ခန်းငှားရမ်းမှု ရှိတတ်ပြီး ယခုနှစ်တွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယား(ကရင်နီ) ပြည်နယ်တို့ဘက်က စစ်ဘေးရှောင်လာ သည့် တိုက်ခန်းငှားရမ်းသူများကြောင့် အခန်းငှားရန်ပင် မရှိတော့ဘူးဟု သိရသည်။

လှိုင်မြို့နယ် အခြေစိုက် နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံရှိသူ တိုက်ခန်းအကျိုးဆောင်တစ်ဦး က “အခုနှစ်က အထက်ပိုင်းက စစ်ရှောင်တဲ့သူတွေ ငှားကြတာများတယ်။ စကားပြောလိုက်တာနဲ့ ရန်ကုန်က မဟုတ်မှန်း တန်း သိတယ်“ ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်က COVID-19 ကန့်သတ်ချက်များကြောင့် နယ်ပြန်သွားသူများပြီး အခန်းတစ်ခန်း အငှားရရန်ပင် လနှင့်ချီ စောင့်ဆိုင်းခဲ့ရသည့်အပြင် အိမ်ခန်းငှားရမ်းသူများ နည်းပါးသွားသည့်အတွက် အနိမ့်ဆုံး ၆ လ စာချုပ် ချုပ်ရသည်ကိုပင် တစ်လချင်းစီ ချုပ်ရသည်အထိ ဖြေလျှော့ပေးရသည် အဆိုပါ တိုက်ခန်းအကျိုးဆောင်က ဆက်ပြောသည်။

သို့သော် ယခုနှစ်တွင် ခြောက်လ စာချုပ်များ ပြန်ချုပ်နေရပြီး တစ်လလျှင် အခန်းဌားခမှာ အနိမ့်ဆုံး ကျပ် တစ် သိန်းခွဲခန့် ရှိနေပြီး အထပ်အနိမ့်အမြင့်နှင့် အခန်းပြင်ဆင်ထားမှု အနေအထားအလိုက် ဈေးနှုန်းအနည်း အများ ကွာခြားသည်ဟု တိုက်ခန်းအငှားဈေးကွက်ရှိ အကျိုးဆောင် ပွဲစားများ၏ ပြောပြချက်အရ သိရသည်။

ထို့အပြင် အချို့နယ်မှ ဆယ်ကျော်သက် လူငယ်များသည် ရန်ကုန်တွင် အလုပ်လုပ်ရန်အတွက် ဖြစ်စေ၊ ဂျပန်၊ ကိုရီယား၊ မလေးရှား၊ ထိုင်းကဲ့သို့သော အခြားနိုင်ငံများသို့ အလုပ်သွားလုပ်ကြရန် အတွက်ဖြစ်စေ  သုံးဦး၊လေးဦး စုပေါင်း စပ်ပေါင်း ငှားရမ်းမှုများလည်းရှိနေသည်ဟု သိရသည်။

တိုက်ခန်းငှားရန်အတွက် ရန်ကုန် ရောက်နှင့်ပြီးသား ဆွေမျိုးနီးစပ်သူများမှ တဆင့် စုံစမ်းငှားရမ်းရပြီး လူခံရှိ သည့်နေရာ အာမခံပေးသည့် နေရာရှိမှသာ ဧည့်စာရင်းကိစ္စပါ အဆင်ပြေသည်ဟု စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်မှ စစ်ရှောင်လာသူ တစ်ဦး က ပြောသည်။

မြန်မာနိုင်ငံ တနိုင်ငံလုံးတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တနှစ်ကျော်ကာလအတွင်း စစ်ဘေးရှောင် အရေအတွက် ၁ သန်းကျော်ရှိသည်ဟု လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) ND Burma အဖွဲ့ က ဇွန်လ ၂၀ ရက်နေ့ ကမ္ဘာဒုက္ခသည်များနေ့တွင် ထုတ်ပြန်ထားသည်။

ယခင်က တိုက်ပွဲနှင့် စစ်ဘေးဒုက္ခသည်များ မရှိသည့် အညာဒေသ စစ်ကိုင်းတိုင်းတွင်ပင် ဒုက္ခသည် ၃ သိန်းခွဲ နီးပါး ရှိပြီး မြန်မာတစ်နိုင်ငံလုံးရှိ ဒုက္ခသည်အရေအတွက်၏ ၃၂ ရာခိုင်နှုန်းအထိပင် ရှိနေသည်ဟု ISP Myanmar က လည်း ထုတ်ပြန်ထားသည်။

နိုင်ငံတကာ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များအရ စစ်ပွဲများ၊ နှိပ်စက်ညှဉ်းပန်မှုများ သို့မဟုတ် သဘာဝဘေးဒဏ်က လွတ်မြောက်ရန်အတွက် ကိုယ့်မူလနေရပ်ရင်းနေရာမှ ထွက်ခွာရန် ဖိအားပေးခံရသူများကို ဒုက္ခသည်ဖြစ် ယူဆ ထားသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...