စစ်ကောင်စီ ထပ်မံ ကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်မယ့်အဖွဲ့ မရှိသေး

စစ်ကောင်စီ ထပ်မံ ကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်မယ့်အဖွဲ့ မရှိသေး

အာဏာသိမ်းစစ်ခေါင်း‌ဆောင်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကျန်ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေကို ဒုတိယအကြိမ်ကမ်းလှမ်းခဲ့ပေမယ့် တက်ရောက်ဆွေးနွေးဖို့ အကြောင်းပြန်တဲ့ အဖွဲ့တွေ မရှိသေးဘူးလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံ ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ တိုင်းပြည်အကျိုး၊ ဒေသအကျိုးကို မြင်အောင်ကြည့်စေလိုပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ဖို့ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့က ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်။

တက်ရောက် ဆွေးနွေးမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ဥက္ကဋ္ဌ ဒါမှမဟုတ် အဆုံးအဖြတ် ပေးနိုင်မယ့် ခေါင်းဆောင်နဲ့ အဖွဲ့ဝင် နှစ်ဦးရဲ့ အမည်စာရင်းကို ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ပေးဖို့  စစ်ကောင်စီက ကမ်းလှမ်းထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဒုတိယအကြိမ် ကမ်းလှမ်းချက်အပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ တရားဝင် အကြောင်းပြန်တာ မရှိသေးဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန် ၂၇ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလာတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ မတက်ရောက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို စစ်ကောင်စီက ရန်သူအဖြစ်သတ်မှတ်ပြီး ဆက်ဆံလာရင် စစ်ပွဲတွေ ပိုပြင်းထန်လာဖို့ ရှိတယ်လို့ သုံးသပ်ပါတယ်။

“မတက်ရောက်တဲ့သူတွေကို (EAO) တကယ်တမ်း စစ်တပ်ဘက်က ရန်သူအဖြစ်သတ်မှတ်ပြီး ဆက်ဆံလာရင် လက်ရှိမြင်တွေ့နေရတဲ့ စစ်ပွဲတွေထက် ပိုပြီးကြီးမားကျယ်ပြန့်တဲ့ စစ်ပွဲတွေ မြင်လာစရာရှိတယ်လို့ ကျွန်တော်မြင်တယ်။နောက် ကျန်ခဲ့တဲ့အဖွဲ့တွေကြားထဲမှာလည်း သူတို့ အချင်းချင်းကြားမှာ နားလည်မှုတွေ တည်ဆောက်ပြီးပြီလို့ နားလည်ရတယ်။အဲဒီနားလည်မှုတွေ ခိုင်မာလာတာနဲ့အမျှ တကယ်လို့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကြားထဲမှာ အချင်းချင်း ညှိနှိုင်းချိတ်ဆက်မှု အားကောင်းလာတယ်ဆိုရင် တစ်ချိန်ချိန်မှာ စစ်ကောင်စီကို ပြန်ပြီး တောင်းဆိုလို့ရတဲ့ အချိန်တွေလည်း ပြန်ရောက်လာနိုင်စရာရှိတယ်လို့ မြင်တယ်”လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း EAOs ခေါင်းဆောင်တွေကို သူကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးလိုတယ်လို့ ပထမအကြိမ် ကမ်းလှမ်းခဲ့ပါတယ်။

အဲဒီကမ်းလှမ်းမှုကို အပစ်ရပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ မထိုးရသေးတဲ့ ၃ ဖွဲ့တို့က တက်ရောက်ဖို့ လက်ခံခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးထားပြီး ဖြစ်ပါတယ်။

ဒါပေမယ့် အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကျောင်းသားတပ်မတော် ABSDF နဲ့ မထိုးရသေးတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO)၊ ကရင်နီတိုးတက်ရေးပါတီ KNPP နဲ့ ရက္ခိုင့်တပ်တော် AA တို့က ပထမအကြိမ် ကမ်းလှမ်းချက်မှာတင် တက်ရောက်မှာ မဟုတ်ဘူးလို့ တရားဝင် ထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ PDF တို့ကို ဖိတ်ကြားတာ မရှိတဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးရမှာ မဟုတ်သလို အခုလုပ်ရပ်ဟာ လာမယ့် ရွေးကောက်ပွဲအတွက် စစ်ကောင်စီကို ထောက်ခံမယ့် အဖွဲ့တွေကို ခေါ်ယူစည်းရုံးတဲ့ သဘောဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဝေဖန်ထားပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...