ထုံးဘိုလေးမှာ စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့ပြီးနောက် ဒေသခံ ၁၀ ဦးထက်မနည်း သတ်ဖြတ်သွား

ထုံးဘိုလေးမှာ စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့ပြီးနောက် ဒေသခံ ၁၀ ဦးထက်မနည်း သတ်ဖြတ်သွား

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာမှာ စစ်ကောင်စီတပ်က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးပြီးနောက် ဒေသခံ ၁၀ ဦးထက်မနည်းကို ပစ်ခတ်သတ်ဖြစ်သွားတယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က ထုံးဘိုလေးကျေးရွာကို အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ အိမ်ခြေ ၁၅၀ ကျော် ရှိတဲ့ ထုံးဘိုလေးကျေးရွာက လူနေအိမ် အားလုံးနီးပါးအပြင် ဘုန်းကြီးကျောင်းကအစ မီးရှို့ဖျက်ဆီးသွားတာ ဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ ထုံးဘိုလေးကျေးရွာအခြေအနေနဲ့ ပတ်သက်ပြီး သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက အခုလိုပဲ ပြောပါတယ်။

"မနေ့ညနေ ၅ နာရီလောက်ကတည်းက စကစ တပ်တွေ ထုံးဘိုလေးရွာကို ရောက်လာပြီး မီးစရှို့တယ်။ သိရသလောက် နေအိမ်တော်တော်များများ မီးလောင်သွားပြီလို့တော့ သိရတယ်။အိမ်ခြေဘယ်လောက် မီးလောင်သွားတယ်ဆိုတာတော့ စာရင်းမရသေးလို့ သေချာမပြောနိုင်သေးဘူး''လို့ သထုံခရိုင် PDF တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

လတ်တလောမှာ နှစ်ဖက်တိုက်ပွဲကြောင့် ထုံးဘိုလေး၊ ထုံးဘိုကြီး၊ ဖာပိန်၊ ကျောက်တောင်၊ ကျောက်တောင်ရွာလေး၊ အင်းရွာ၊ စောအဲဖိုး၊ နောက်ကတုတ်အထက်ကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်တွေထဲမှာ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ အများဆုံး ပါဝင်ပြီး မိုးတွင်းကာလဖြစ်တာကြောင့် ကျန်းမာရေးအခြေအနေ စိုးရိမ်နေရသလို စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေပါတယ်။

ကရင်အမျိူးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ သထုံမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေသလို အဲဒီတိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...