နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် မွန်ပြည်နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အခြေခံရိက္ခာအတွက် အခက်ကြုံနေရတယ်လို့ PDF တာဝန်ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လတ်တလောမှာ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်အတွင်းက ကျေးရွာတချို့တွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းအဖွဲ့တို့ကြား ထိတွေ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။
တိုက်ပွဲတွေကြောင့် ရိက္ခာသယ်ယူဖို့ အခက်အခဲရှိနေသလို မိုးတွင်းကာလဖြစ်တာကြောင့် လမ်းကြောင်း အခက်အခဲ ရှိနေတယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တာဝန်ခံက ပြောပါတယ်။
“တိုက်ပွဲတွေဖြစ်နေတော့ ရိက္ခာသယ်ရ ခက်တယ်။အခုတိုက်ပွဲတွေ ပိုမိုပြင်းထန်လာတော့ ပုံမှန်သယ်တဲ့ လမ်းကြောင်းတွေ သယ်လို့ မရတာဖြစ်တဲ့အတွက် ရိက္ခာလမ်းကြောင်း ခက်ခဲတယ်။ မိုးတွင်းကာလဖြစ်တာကြောင့် လမ်းကြောင်းအခက်အခဲ ရှိတယ်။နောက်တော့ ရိက္ခာသယ်ဆောင် စရိတ်တွေက ပိုပြီးတော့ ကုန်တာပေါ့။အဲဒီအတွက် အခက်အခဲတွေ များတာပေါ့”လို့ သူက ဆိုပါတယ်။
ဒါကြောင့် တော်လှန်ရေးရဲဘော်တွေ လိုအပ်နေတဲ့ အခြေခံရိက္ခာအတွက် ပြည်သူတွေအနေနဲ့ တက်နိုင်တဲ့ဘက်က ပါဝင်လှူဒါန်းပေးကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။
မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO) တွဲဘက်တာဝန်ခံ ကိုအဂ္ဂကလည်း စစ်ကောင်စီတပ်က ရေးမြို့နယ်ရဲ့ အဝင်အထွက်တွေကို အင်အားတိုး စစ်ဆေးတာတွေရှိနေတာကြောင့် ရိက္ခာလမ်းကြောင်း ပိုကျပ်လာတယ်လို့ ဆိုပါတယ်။
“ရိက္ခာလမ်းကြောင်းက အရင်ကထက် ပိုကျပ်တယ်ခင်ဗျ။သူတို့တွေ (စကစတပ်ဖွဲ့) ရေးမြို့ရဲ့ ဝင်ပေါက်ထွက်ပေါက်တွေကို အင်အားတိုးပြီး စစ်ဆေးတာတွေ၊ PDF တွေရဲ့ လမ်းကြောင်း အတက်အဆင်းတွေကို (အင်အား) အလုံးအရင်းနဲ့ ပိတ်ဆို့တာတွေကြောင့် တော်တော် ခက်ခဲပါတယ်။နောက်တစ်ခုက ရိက္ခာရရှိပြီး ဖြစ်ရင်တောင် မိုးတွင်းကာလရောက်နေတော့ စခန်းတွင်းသယ်ယူပို့ဆောင်ရေး အရမ်းခက်ခဲတယ်”လို့ သူက ဆိုပါတယ်။
မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၂၀ ထက်မနည်း ရှိနေတာ ဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ ဒေါက်တိုင်တွေကို နည်းမျိုးစုံ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
တဖက်မှာတော့ မွန်ပြည်နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့ လက်နက်ချ အလင်းဝင်ဖို့ ကမ်းလှမ်းချက်ကို လက်မခံကြောင်းနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ဆက်လက်တော်လှန်သွားမယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။







