ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသား ၂၉ ဦးကို ခံဝန်ထိုးခိုင်းပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်လိုက်တယ်လို့ ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ KSP က သံလွင်တိုင်းမ်ကို ပြောပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်လိုက်တဲ့ အကျဉ်းသား ၂၉ ဦးမှာ ၂၂ ဦးဟာ Non CDM ဝန်ထမ်းတွေ ဖြစ်ပြီး ကျန်တဲ့ ၇ ဦးကတော့ မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးထားတဲ့ သူတွေ ဖြစ်ပါတယ်။
သူတို့ကိုတော့ ကရင်နီပြည်နယ်က ရဲတပ်ဖွဲ့ဌာနခွဲအသီးသီးကနေ ပြန်လွှတ်ပေးမှာဖြစ်ပြီး လုံခြုံရေးအရ လွှတ်ပေးမယ့် နေ့ရက်အတိအကျ မပြောနိုင်ပေမယ့် အခုရက်ပိုင်းအတွင်း ပြန်လွှတ်ပေးသွားမယ်လို့ ဆိုပါတယ်။
Non CDM ဝန်ထမ်းတွေကို ဖမ်းဆီးရတာဟာ စစ်ကောင်စီကို ထောက်ပံ့ကူညီနေတဲ့အတွက် ဖမ်းဆီးအရေးယူတာ ဖြစ်တယ်လို့ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ KSP က ပြန်ကြားရေးတာဝန်ခံကိုဘိုဘိုက အခုလိုပဲ ပြောပါတယ်။
“ Non CDM တွေက ကျွန်တော်တို့ရဲ့ ဥပဒေအရ လူမသတ်ပေမယ့် လူသတ်မှုကို အားပေးကျူးလွန်သူတွေ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ထောက်တိုင်တွေအဖြစ် အားပေး ကူညီနေတဲ့အတွက် ကျွန်တော်တို့က ဖမ်းဆီးအရေးယူရတာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ အကျဉ်းသား ၇၀ ကျော်ထဲမှာ လုံခြုံရေးအရ စိုးရိမ်ရတဲ့သူတွေကိုသာ အချုပ်ချထားပြီး ကျန်တဲ့အကျဉ်းသားတွေကိုတော့ အကျယ်ချုပ်ပုံစံထားရှိထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အကျဉ်းသားတွေအနေနဲ့ ကိုယ်တိုင်ချက်ပြုတ် စားသောက်ခွင့်ပေးအပ်ထားလို မိသားစုဝင်တွေနဲ့လည်း ဖုန်းဆက်ပြောဆိုခွင့် ပေးအပ်ထားတယ်လို့ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့တုန်းကလည်း အကျဉ်းသား ၂၄ ဦးကို ခံဝန်ထိုးပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
ဇွန် ၂၁ ရက်နေ့က ကျရောက်တဲ့ ၁၄၇ နှစ်မြောက် ကရင်နီအမျိုးသားနေ့ကိုတော့ ကရင်နီပြည်နယ်က နေရာအများစုမှာ ကျင်းပခဲ့ပါတယ်။







