မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ အစိုးရတို့ သဘောတူမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းနှင့်ပတ်သက်၍ ရခိုင်ပြည်သူများအတွက် အကျိုးရှိမည်ဆိုပါက တစ်စုံတစ်ရာ ကန့်ကွက်မည် မဟုတ်ကြောင်း AA ခေါင်းဆောင်က ပြောသည်။
လက်ရှိတွင် အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ AA တို့ထံသို့ စီမံကိန်းတွင် ပတ်သက်သည့် အဖွဲ့အစည်းများက ဆက်သွယ်လာမှုများရှိနေပြီး မိမိတို့အနေဖြင့်လည်း ရခိုင်ပြည်သူလူထုအတွက် အကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှုများဖြစ်သည့်အတွက် ကန့်ကွက်စရာမရှိကြောင်း AA ပြောခွင့်ရသူ ခိုင်သုခက ပြောသည်။
“ ဒီကုလားတန် Project က ကျွန်တော်တို့ပြည်သူတွေအတွက် အကျိုးရှိမယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ တစ်စုံတစ်ရာ ကန့်ကွက်မှုမရှိပါ။ ကျနော်တို့ဆီကို ဆက်သွယ်လာတဲ့ အနေအထားမှာလည်း ကျွန်တော်တို့အနေနဲ့ ကောင်းကောင်းမွန်မွန် ဆွေးနွေးပြီးတော့ လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေ အနေရှိတယ် ” ဟု ဇွန်လ ၁၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် DMG သတင်းဌာန၏ မေးမြန်းမှုကို ခိုင်သုခက ဖြေဆိုခဲ့သည်။
သို့သော် လက်ရှိတွင် ယင်းစီမံကိန်း ဆက်လက် အကောင်အထည်ဖော်မည့် ကိစ္စတွင် AA ထံသို့ ဆက်သွယ်ဆွေးနွေးမှုအကြောင်းအရာ အသေးစိတ်နှင့် အဖွဲ့အစည်း၏ အမည်ကိုတော့ ဖွင့်ပြောရန် မရှိသေးကြောင်း ခိုင်သုခက ရှင်းပြခဲ့သည်။
အဆိုပါကုလားတန်မြစ်ကြောင်းဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်းမှာ ရခိုင်ပြည် စစ်တွေမြို့ ထိုမှတစ်ဆင့် ချင်းပြည်နယ်ပလက်ဝမြို့အထိ ကုလားတန်မြစ်ကြောင်း အတိုင်း ရေကြောင်းဖြင့်သွားလာပြီးနောက် ပလက်ဝမြို့မှနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အထိ ကုန်လမ်းဖြင့် ကုန်သွယ်မှုပြုရန် ပြုလုပ်နေသည့် စီမံကိန်းတစ်ခု လည်းဖြစ်သည်။
အဆိုပါစီမံကိန်းကို ၂၀၀၈ခုနှစ် ကပင် နှစ်နိုင်ငံအစိုးရတို့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၁၀ခုနှစ် စက်တင်ဘာလတွင် စတင်အကာင်အထည် ဖော်ဆောင်ခဲ့ကြကာ ၂၀၁၃ခုနှစ်တွင် ခုနှစ်တွင် ပြီးစီးရန်လျာထားခဲ့ကြကြောင်း သိရသည်။
သို့သော် နယ်မြေမတည်ငြိမ်မှုများနှင့် မြန်မာစစ်တပ်နှင့် AA တို့၏ တိုက်ပွဲများကြောင့် အဆိုပါစီမံကိန်းမှာ လက်ရှိအချိန်အထိ အဆုံးသတ်နိုင်ခြင်းမရှိသေးကြောင်းနှင့် လက်ရှိတွင် အဆိုပါစီမံကိန်းကို အပြီးသတ်ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံအစိုးရတို့ကြား ဆွေးနွေးမှုများ ပြုလုပ်ကြခြင်းလည်း ဖြစ်သည်။
လက်ရှိတွင် စီမံကိန်းတွင် ကုန်သွယ် အသုံးပြုမည့် သင်္ဘောများကို ကုမ္ပဏီသို့ လွှဲပြောင်းပေးထားကာ စစ်တွေရှိ ဆပ်ကမ်းကိုလည်း နိုင်ငံတကာ အသိအမှတ်ပြု ဆိပ်ကမ်းဖြစ်လာဖို့အတွက် လုပ်ဆောင်နေကြောင်း အိန္ဒိယကောင်စစ်ဝန် Mr. Rajesh Kumarက DMG သို့ပြောသည်။
“လက်ရှိမှာ စီမံကိန်းအတွက် သင်္ဘော ခြောက်စီးကို လွှဲပေးပြီးပါပြီ ။ ဆိပ်ကမ်းကိုလည်း အပ်ပြီးပါပြီ။ လက်ရှိမှာ ဆိပ်ကမ်းကို တာဝန်ယူတဲ့ A to Z Exin ကုမ္ပဏီဘက်က ဆိပ်ကမ်းမှာ လိုအပ်တာတွေကို လုပ်ဆောင် နေပါတယ်။ အထူးသဖြင့် ဒီဆိပ်ကမ်းကို နိုင်ငံတကာအသိမှတ်ပြု ဆိပ်ကမ်းလက်မှတ်ရဖို့အရေး လုပ်နေတယ်လို့ သိရပါတယ် ” ဟု ၎င်းကဆိုသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ရပ်နားထားခဲ့ရသည့် ပလက်ဝမီဇိုရမ်လမ်းကြောင်းကို ပြန်လည်စတင်နိုင်ရန်ကြိုးပမ်းနေကြောင်းနှင့် ထိုကိစ္စများနှင့် ပတ်သက်၍ AAနှင့် ပြောဆိုဆက်ဆံမှု တစ်စုံတစ်ရာ မရှိသေးကြောင်း Mr. Rajesh Kumarက ပြောဆိုထားသည်။
အကယ်၍ အဆိုပါစီမံကိန်း ပြီးစီးမည်ဆိုပါက ရခိုင်ပြည်နယ်၏ စီးပွားရေးလုပ်ငန်းများမှာ များစွာ တိုးတက်လာနိုင်ကြောင်းနှင့် ကုန်သွယ်မှုအပိုင်းတွင် များစွာ အဆင်ပြေလာနိုင်မည်ဖြစ်ပြီး ရခိုင်မှ ထွက်ကုန်များကို အန္ဒိယနိုင်ငံသို့ တိုက်ရိုက်တင်ပို့ ရောင်းချနိုင်ကြောင်း ရခိုင်စီးပွားရေး လုပ်ငန်းရှင်တို့က ပြောဆိုနေကြသည်။
ဝါရင့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးခင်မောင်ကြီးက “ လက်ရှိမှာက နိုင်ငံခြားက သွင်းတဲ့ကုန်တွေဆိုရင် ရန်ကုန်ကနေတစ်ဆင့်မှ ရခိုင်ကိုရောက်တယ်။ တကယ်လို့ ဒီလမ်းကြောင်းသာ ပြီးသွားခဲ့ရင် ပြည်မကို မှီခိုနေရတဲ့ အခြေအနေက နည်းပါးသွားမှာဖြစ်သလို ပြည်နယ်ရဲ့စီးပွားရေးဟာလည်း အများကြီး တိုးတက်လာနိုင်မှာဖြစ်တယ် ” ဟု ၎င်းကသုံးသပ်သည်။
ယင်းစီမံကိန်းအတွက် အိန္ဒိယနိုင်ငံမှ စီမံကိန်းတွင် ကန်ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားပြီး းပြီးစီးသွားပါက စစ်တွေ- ကျောက်တော် - ပလက်ဝ မှဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံတို့၏ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်း များကို ပိုမိုဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်းလည်း အိန္ဒိယအစိုးရဘက်က ပြောဆိုထားသည်။







