လင်းစာကျက်ကျေးရွာမီးရှို့ဖျက်ဆီးခံရပြီး ပြည်သူ ၂ဦးလည်း မီးရှို့သတ်ဖြတ်ခံရ

လင်းစာကျက်ကျေးရွာမီးရှို့ဖျက်ဆီးခံရပြီး ပြည်သူ ၂ဦးလည်း မီးရှို့သတ်ဖြတ်ခံရ

စစ်ကိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လင်းစာကျက်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၁၂ရက်နေ့ ညနေပိုင်း ၆နာရီခန့်တွင် လူနေအိမ် ၇၀ ဝန်းကျင်အား မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ၂ဦးကိုလည်း မီးရှို့သတ်ဖြတ်သွားသည်ဟု Salingyi Special Task Force ရေနွေးခါး ထံမှသိရသည်။

“လင်းစာကျက်ရွာကို ဒီနေ့မနက်ကျနော်သွားတော့ အဲ့မှာ အိမ်ခြေ ၇၀လောက်က မီးထဲပါသွားတယ်။ ပြီးတော့ အလောင်းနှစ်လောင်းက အရိုးနဲ့အသည်း ဦးခေါင်းခွံလေးတွေလောက် ပဲကျန်နေတာတွေ့ခဲ့ရတယ်။ ပြီးရင် လမ်းမှာ သွေးကွက်တွေ၊ အဲ့နားမှာရှိတဲ့ အုတ်ခုံတွေပေါ်မှာ သွေးတွေ ရိုက်နှပ်ထားတဲ့ပုံစံမျိုး အဲ့လိုမျိုးတွေရှိတယ်”လို့ SSTFမှ ရေနွေးခါး က KNG သတင်းဌာနသို့ ယခုလိုပြောဆိုထားသည်။

စစ်ကောင်စီလက်ချက်ဖြင့် သတ်ဖြတ်ခံထားရသည့် ဒေသခံပြည်သူ ၂ဦးသည် မည်သူမည်ဝါဖြစ်ကြောင်းကို အသေးစိတ်မသိရဘဲ ထိုကျေးရွာမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံပြည်သူ ၂၀ ဦးခန့်လည်း ပျောက်ဆုံးနေသေးကြောင်း သိရပါသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ဇွန်လ ၁၁ရက်နေ့ကတည်းက ဆားလင်းကြီးမြို့ပေါ်ကနေ စတင်‌ရောက်ရှိလာခြင်းဖြစ်ပြီး လင်းစာကျက်ကျေးရွာသို့ အသွားလမ်းတွင် ငွေသာကျေးရွာအတွင်းရှိ လူနေအိမ် ၄ခုကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် လူသားဒိုင်းအဖြစ်အသုံးပြန်ရန် ပြည်သူတစ်ချို့ကိုလည်း ဖမ်းဆီးမူများရှိခဲ့ကြောင်းလည်း သိရသည်။

“သူတို့က ဒီလို ငွေသာရွာကိုဝင်သွားပြီးတော့ အိမ်ခြေ ၄အိမ်ကို မီးရှို့သွားတယ်။ မီးရှို့ပြီးတော့ သူတို့ကတစ်ခါ ဘုတ်စုရွာဘက်ရောက်သွားတယ်။ အဲ့မှာလည်း ဒေသခံတစ်ချို့ဖမ်းဆီးခံရတယ်လို့ကြားတယ်။ ငွေသာရွာမှာက ၇ယောက်ကိုပြန်ဖမ်းပြီးပြန်လွှတ်ပေးတယ်။ အဲ့ကနေ လင်းစာကျက်ရွာကိုသွားတာ”လို့ ဆက်လက်ပြောဆိုသည်။

အဆိုပါ စစ်အင်အား ၁၀၀ ဝန်းကျင်ပါရှိသော စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ယမန်နေ့နံနက်ပိုင်းမှ လင်းစာကျက်ရွာမှထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

လင်းစာကျက်ကျေးရွာကို ယခင်ကစစ်ကြောင်းထိုးတာမျိုးတွေရှိပေမဲ့ အခုလိုနေအိမ်မီးရှို့တာတွေဖမ်းဆီးသတ်ဖြတ်မူကျူးလွန်တာပထမဆုံးအကြိမ်ဖြစ်သည်ဟုလည်း ဒေသခံများပြောဆိုချက်မှသိရသည်။

လက်ရှိ လူနေအိမ်များ မီးရှို့ဖျက်ဆီးခံရသော လင်းစာကျက်ကျေးရွာသည် ဆားလင်းကြီးမြို့နှင့် ၄ မိုင်ခန့်အကွာတွင် တည်ရှိနေခြင်းဖြစ်ပြီး ငွေသာနှင့် ဘုတ်စုကျေးရွာ ၂ခုနှင့် တစ်ကြောင်းတည်းတွင် တည်ရှိပါသည်။

Data For Myanmar ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စစ်တပ်မှအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ၂၀၂‌၂ ခုနှစ် မေလအထိ တစ်နိုင်ငံလုံးမီးရှို့ခံရသည့် နေအိမ်ပေါင်း ၁၈၈၈၆ အိမ်ရှိရာ စစ်ကိုင်းတိုင်းတွင် ၇‌‌၁‌‌၄‌‌၆ အိမ်ပါဝင်သည်။

Most read this week

January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...