မီတာခ ဈေးတက်မယ်ဆိုတဲ့ သတင်းမှား ဖြန့်

မီတာခ ဈေးတက်မယ်ဆိုတဲ့ သတင်းမှား ဖြန့်

ဇူလိုင်လ ၁ ရက်နေ့က စပြီး မီးတာခတွေ စျေးတက်တော့မယ်ဆိုတဲ့ သတင်းပို့စ်တစ်ခုကို Kyaw Htay Win ဆိုသူ Facebook အကောင့်ပိုင်ရှင် က ဇွန်လ ၁၃ ရက်နေ့မှာ တင်ထားတာကို တွေ့ရပါတယ်။

Kyaw Htay Win ဆိုသူက “copy ယူလာတယ့်ပိုစ့်ပါ။ မီတာခတွေ ဇူလိုင်လ ၁ ရက်နေ့က စပြီး ဈေးတက်တော့ မယ်နော်။ အသစ် ကောက်ခံမယ့် ယူနစ်အလိုက် မီတာခလေးတွေကို အောက်မှာ တွက်ပေးထား ပါတယ်။ အရင် လတွေထက် ၂ဆခွဲလောက် ပိုကျမှာမလို့ အခန်းထဲက ထွက်တာနဲ့ aircon လေးတွေပိတ်။ ညအိပ်ချိန်ရေခဲ သေတ္တာတွေ၊ ပန်ကာတွေ၊ မီးလုံးလေး တွေလည်း ပိတ်ထားဖို့ မမေ့ကြနဲ့အူး” ဆိုပြီး (မူရင်းအရေးအသား အတိုင်း) တင်ထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် မီတာခ နှုန်းထားတွေ တွက်ချက်ပုံကိုလည်း သူ့ရဲ့ သတင်းပို့စ်ထဲမှာ ထည့်ရေးထားတာကို တွေ့ရပါ တယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ Kyaw Htay Win ဆိုသူ တင်ထားတဲ့ သတင်းပို့စ်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က မီတာခတွေ စျေးတက်မယ်ဆိုတဲ့အကြောင်းကို Cele Cele Yamethin ဆိုတဲ့ Facebook စာမျက်နှာက တင်ထားတဲ့ သတင်းပို့စ်အဟောင်းကို Kyaw Htay Win ဆိုသူက ယူပြီး ပြန်တင်ထားလို့ပဲဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်က Cele Cele Yamethin က တင်ထားတဲ့ သတင်းပို့စ်ကို ဒီလင့်မှာ https://bit.ly/3QjTkuS ဝင်ကြည့်လို့ရပါတယ်။

ဒါ့အပြင် မီတာခနှုန်းထားတွေနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနက တရားဝင် ပြောဆိုထားတာ မရှိသလို တစ်စုံတစ်ရာ သတင်း ထုတ်ပြန်ထားတာလည်း မရှိပါဘူး။

စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနရဲ့  ဝက်ဆိုဒ်ထဲမှာလည်း ၂၀၁၉ ခုနှစ်က ပြင်ဆင် သတ် မှတ်ထားတဲ့ မီတာခ နှုန်းထားကိုသာ တွေ့ရပြီ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ မီတာခနှုန်းထားတွေ ပြင် ဆင်ထားတာ မရှိဘူးဆိုတာကို ဒီမှာ https://bit.ly/3tz322T ဝင်ကြည့်လို့ရပါတယ်။

အိမ်သုံး မီတာခ နှုန်းထားကိုတော့ ဒီမှာ https://bit.ly/3xQ91D7 ဝင်ကြည့်လို့ ရသလို စက်မှု/စီးပွားရေးသုံး ပါဝါမီတာခ နှုန်းထားတွေကိုတော့ ဒီမှာ  https://bit.ly/3Hkko9g ဝင်ကြည့်လို့ရပါတယ်။

ဒါ့အပြင် မီတာခ စျေးနှုန်းတက်တာနဲ့ ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေက သတင်းရေးသား ထားတာ မတွေ့ရသလို ပြည်သူတွေကြားမှာလည်း ပြောဆိုသံတွေကို မကြားရပါဘူး။

ဒါကြောင့် အချက်အလက်တွေကို ခြုံပြီး ကြည့်လိုက်တဲ့အခါမှာ Kyaw Htay Win ဆိုသူက မီတာခ နှုန်းထားနဲ့ ပတ်သက်ပြီး Facebook လူမှုကွန်ရက် သုံးစွဲသူတွေ၊ စာဖတ်သူတွေကို ဇဝေဇဝါဖြစ်အောင်၊ လူထုတွေကို စိုးရိမ် ပူပန်မှု ဖြစ်အောင် သတင်းအချက်အလက်အဟောင်းတွေကို အခုဖြစ်နေသယောင် ပြန်ပြီး ရေးတင်ထားတဲ့ သတင်းအမှားတစ်ခုသာ ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။

Kyaw Htay Win တင်ထားတဲ့ သတင်းပို့စ်ကို ကြိုက်နှစ်သက်သူ ၁၇၀၀ ကျော် သဘောထားမှတ်ချက်ပေးသူ ၁၄၄ ယောက် နဲ့ ထပ်ဆင့် ဖြန့်ဝေသူ ၇၁၀၀ အထိ ရှိနေတာကို တွေ့ရပါတယ်။

သတင်းအမှား ဖြန့်ဝေသူတွေဟာ အခုအချိန်မှာဆိုရင် သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက် မဟုတ်တဲ့ အရေးအ သားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

အထူးသဖြင့် PDF ၊ CRPH ၊ NUG အဖွဲ့တွေနဲ့ သက် ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှား တွေ၊ တိုက်ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့ တစ်မျိုး အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ပဋိပက္ခ အသွင်ဆောင် စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေတာကို တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...