စစ်ကောင်စီတပ်မှ အကြီးအကဲ ရောက်နေသည်ဟု သတင်းထွက်ပေါ်ချိန် ပုသိမ်တွင် ဗုံးလန့်မှုဖြစ်

စစ်ကောင်စီတပ်မှ အကြီးအကဲ ရောက်နေသည်ဟု သတင်းထွက်ပေါ်ချိန် ပုသိမ်တွင် ဗုံးလန့်မှုဖြစ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့သို့ စစ်ကောင်စီတပ်မှ အကြီးအကဲတစ်ဦး ရောက်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေချိန် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ အမှတ်( ၉ )အထက်တန်းကျောင်းရှေ့၌ ဗုံးလန့်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျောင်းရှေ့ရှိ မစင်ပုံတစ်ပုံအား ဆရာမများမှ ခုံဖြင့် လေးဖက်လေးလံ ကာရံထားသည်ကို ဗုံးတွေ့သည်ဟု အမှတ်မှားကာ ဗုံးလန့်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

" ဗုံးပေါက်တယ်ဆိုပြီး ပုသိမ်တစ်မြို့လုံး သတင်းတွေထွက်နေတော့ ကျောင်းသားမိဘတွေလည်း ပုသိမ်မြို့ပေါ်ကျောင်းတွေက ကလေးတွေကို ပြန်လာခေါ်နေကြတယ်။ ကျောင်းတိုင်းရှေ့မှာ ပြန်လာခေါ်နေကြတော့ လူတွေကို အများကြီးပဲ။ အမှန်က အ.ထ.က ( ၉ )ရှေ့မှာ ခွေးချေးပုံတွေ့လို့ ခုံတွေနဲ့ကာထားတာကို ဗုံးတွေ့လို့ ကာထားတယ် ထင်နေကြတာပါ " ဟု ဒေသခံက ဆိုသည်။

ထိုသို့ ဗုံးလန့်မှုဖြစ်ပွားချိန်တွင် စစ်ကောင်စီ၏ အကြီးအကဲတစ်ဦး ပုသိမ်မြို့သို့ရောက်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေပြီး စစ်ကောင်စီတပ် အင်အားအများအပြား လုံခြုံရေး ယူထားခဲ့သည်။

" ပြီးခဲ့တဲ့ သုံး၊ လေးရက်လောက်ကတည်းက ပုသိမ်မှာ ပလက်ဖောင်းတွေကို ဆေးတွေသုတ်နေတာတွေနဲ့ လမ်းတွေသန့်ရှင်းရေး လုပ်နေကြတယ်ဗျ။ ပုသိမ်-ရန်ကုန်ကားတစ်လျှောက် နဲ့ ပုသိမ်မြို့ပတ်လည်မှာ လိုတာထက်ပိုပြီး စစ်သားတွေအများကြီး လုံခြုံရေးယူထားတာ တွေ့ရတယ်။ ဒီနေ့တော့ မင်းအောင်လှိုင် ရောက်နေတာလို့လည်း သတင်းတွေ ထွက်နေတယ်။ စစ်တပ်က အကြီးအကဲတစ်ယောက် ရောက်နေတာတော့ သေချာတယ်" ဟု ဒေသခံက ဆိုသည်။

စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် ပုသိမ်မြို့သို့ရောက်ရှိနေသည်ဆိုသော သတင်းထွက်ပေါ်နေသော်လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်ပြု နိုင်ခြင်းမရှိသေးပေ။

ဗုံးလန့်မှုဖြစ်ပွားပြီးနောက် အမှတ် (၉) အထက်တန်းကျောင်းနှင့် ပုသိမ်မြို့ပေါ်တွင် စစ်ကောင်စီတပ်များနှင့် ရဲအင်အားအများအပြား ပိတ်ဆို့ပြီး စစ်ဆေးမှုများ ပြုလုပ်နေကြသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...
July 16, 2026
အရပ်သားတစ်ပိုင်း စစ်အုပ်ချုပ်ရေး၏ အရေးပေါ်ကာလသက်တမ်းအား စစ်အုပ်စုက ထပ်မံတိုးမြှင့်လိုက်ခြင်း သည်...