KNU ဒု-ဦးစီးချုပ် ဒဏ်ရာရတယ်ဆိုတဲ့ သတင်းမှား ဖြန့်

KNU ဒု-ဦးစီးချုပ် ဒဏ်ရာရတယ်ဆိုတဲ့ သတင်းမှား ဖြန့်

KNU ဒု - စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာ ရရှိပြီး ထိုင်းနိုင်ငံမှာ ဆေးဝါးကုသမှု ခံယူနေတယ်ဆိုတဲ့ သတင်းတစ်ခုကို Captain Saw ဆိုသူ Facebook အကောင်ပိုင်ရှင်က မေလ ၂၉ ရက်နေ့မှာ ရေးတင်ထားတာကို တွေ့ရပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ ဓာတ်ပုံအပါအဝင် KNU၊ KNLA နဲ့ KNDO ခေါင်းဆောင်တစ်ချို့ရဲ့ ဓာတ်ပုံ ကို အသုံးပြုပြီး ရေးသားထားတာကို တွေ့ရပါတယ်။

Captain Saw က “ဘောကျော်ဟဲဟာ စစ်ပွဲအတွင်း ဒါဏ်ရာရပြီး ယပက်လက်ဘက်ကို ဆေးကုသမှု  ခံယူနေရပါ တယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းက ခုတော့ တကယ်ဘဲ ဟုတ်နေပါရောလား။ ဒေါက်တာ စင်သီယာမောင် ရဲ့လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ထဲက အခြေပြုခဲ့တဲ့ ခွေူကလုတ် IDP Camp က စစ်ပြေး ဒုက္ခသည်စခန်းမှာ ဘော ကျော်ဟဲ ရရှိထားတဲ့ ဒါဏ်ရာကိုကုတယ် မရဘူး လက်နက်ကြီး အစ  Splinder က အူတွေ ကလီဇာတွေ စုတ် ပြတ်သတ်သွားတာ အသေအချာဘဲဗျ ဒီကောင်ကလည်း အတော်အသက် ပြင်းတယ်ပြောရမှာဘဲ မဲဆောက် ဆေးရုံမှ ဘန်ကောက်ဆေးရုံအထိ လနဲ့ ချီပြီး ဆေးကုသမှု ခံယူလိုက်ရတဲ့ သဘောပါဘဲ အစားကြွေး အနား ပေးထားပြီး ဘောကျော်ဟဲဟာ ကကွက်အလှည့်ကိုစောင့်နေရတဲ့ သဘောပါဘဲ ဗိုလ်နေတိုးတို့ စောစလုံးတို့ ဂန့် ကုန်တာ အားလုံးအသိပါ” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) ရေးသား ထားတာကို တွေ့ရပါတယ်။

တိုက်ပွဲမှာ ကျဆုံးသွားတာမရှိတဲ့ ဗိုလ်စလုံးကိုလည်း ကျဆုံးသွားတယ်ဆိုပြီး ရေးသားထားတာကိုလည်း တွေ့ရပါ တယ်။

ဒါ့အပြင် ဒုတိယ ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲဟာ အာဏာကို လိုချင်သူ တစ်ယောက်ဖြစ်ပြီး CIA ၊ OIC တို့ရဲ့ အသုံးချခံဖြစ်တယ်။ ဒါတွေမကသေးဘူး အခုစစ်ကောင်စီက ဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲကို တက်ရောက်ချင်တဲ့ အုပ် စုနဲ့ မတက်ရောက်ချင်တဲ့ အုပ်စုကြောင့် KNU အတွင်းမှာ အကွဲအပြဲတွေကို မြင်တွေ့ရဖို့ ဆက်လက် စောင့်ကြည့် ရမယ်ဆိုပြီးတော့ ရေးသားထားတာကိုလည်းတွေ့ရပါတယ်။

အဆိုပါရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ Captain Saw  ဆိုသူ ပြောသလိုမျိုး KNU ဒု-စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဘော ကျော်ဟဲ တိုက်ပွဲအတွင်းမှာ ထိခိုက်ဒဏ်ရာ ရရှိတာ မရှိသလို ထိုင်းနိုင်ငံဖက်မှာလည်း ဆေးဝါးကုသမှု ခံယူ နေတာမျိုး မရှိလိုပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က KNU တပ်မဟာ ၅ ဧရိယာအတွင်းမှာ ရှိတဲ့ စစ်ကောင်စီရဲ့ ကျောက်ညှပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းယူချိန် တိုက်ပွဲကို ဦးဆောင်တဲ့ တပ်မဟာ ၅ ဗျူးဟာမှူး ဗိုလ်မှူးကြီး စောထူးကရှော ကျဆုံးသွားတာကလွဲရင် အခုလက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း တပ်မဟာ ၅ ရဲ့ တခြား ထိပ်ပိုင်းခေါင်းဆောင်တွေ ထိခိုက်ဒဏ်ရာ ရရှိတယ်ဆိုတဲ့ကြောင်းကို တော်လှန်ရေး အင်အားစုတွေနဲ့ ကရင်လူမှုအသိုင်းအဝိုင်းတွေက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားတာကို မတွေ့ရပါဘူး။

ဒါ့အပြင် KNU တပ်မဟာ ၅ နဲ့ KNU ဗဟိုတို့ကလည်း  ဒုတိယ ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ တိုက်ပွဲအတွင်း ထိခိုက် ဒဏ်ရာ ရရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ထားတာကိုလည်း မတွေ့ရပါဘူး။

KNU တပ်မဟာ ၅ ပြန်ကြားရေးဌာန ဖြစ်တဲ့ KNU-Mutraw News https://bit.ly/3t7Myyp နဲ့ KNU ဗဟိုပြန်ကြား ရေးဌာန Karen National Union Facebook စာမျက်နှာတွေမှာ https://bit.ly/3t6xQYC ဝင်ကြည့်လို့ရပါတယ်။

တကယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲသာ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိပြီး ထိုင်းနိုင်ငံဖက်မှာ ဆေးဝါးကုသမှု ခံယူနေတာ မှန်တယ်ဆိုရင် ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေ၊ နိုင်ငံတကာ သတင်းဌာန တွေနဲ့ ကရင်ပြည်နယ် အခြေစိုက် ကရင် သတင်းဌာနတွေက သတင်းရေးသား ထုတ်လွှင့်ကြမှာ ဖြစ်ပေမယ့် အခု အချိန်အထိ ဘယ်သတင်းဌာနကမှ သတင်းရေးသားထားကြတာကို မတွေ့ရပါဘူး။

တိုက်ပွဲသတင်းတွေ၊ ကရင်စစ်ဘေးရှောင်သတင်းတွေ၊ ငြိမ်းချမ်းရေး သတင်းတွေ၊ရွှေ့ပြောင်းအလုပ်သမား သတင်းတွေနဲ့ ကရင်ခေါင်းဆောင်တွေရဲ့ အကြောင်းကို တစ်စိုက်မတ်မတ် ရေးသားနေတဲ့ ကရင်ပြည်နယ် အခြေ စိုက် ကရင်သတင်းဌာနဖြစ်တဲ့ KIC https://bit.ly/3Q3S5jF သတင်းဌာနမှာ ဒီသတင်းကို မတွေ့ရသလို တခြား ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေဖြစ်တဲ့ RFA၊ BBC ၊ VOA ၊ DVB၊ Mizzima စတဲ့ သတင်းဌာနတွေရဲ့ လူမှုကွန် ရက်စာမျက်နှာနှင့် သတင်းဝက်ဒ်ဆိုဒ်တွေကို ဝင်ကြည့်ရင်လည်း ဒီသတင်းမရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။  

ဒါကြောင့် အချက်အလက်တွေကို တိုက်စစ် ကြည့်လိုက်တဲ့အခါမှာ Captain Saw ဆိုသူ ရေးသားထားတဲ့ သတင်း ဟာ တကယ့်မြေပြင်မှာ ဖြစ်ပွားခဲ့တာ မရှိတဲ့ အကြောင်းအရာ တစ်ခုကို မြေပြင်မှာ တကယ်ဖြစ်ခဲ့သယောင် ရေး သားထားတဲ့အပြင် KNU အတွင်းမှာ သူဖြစ်စေချင်တဲ့ သူ့ရဲ့ အမြင်သဘောထားကို  ဝါဒဖြန့်ဖို့အတွက် ရည်ရွယ် ချက်ရှိရှိ လိမ်ညာ လုပ်ကြံဖန်တီးပြီး ရေးသားထားတဲ့ သတင်းအမှား ဖြစ်တယ် ဆိုတာကို စိစစ်တွေ့ရှိရ ပါတယ်။

Captain Saw ဆိုသူရဲ့ ရေးသားမှုကို ကြိုက်နှစ်သက်သူ၊ သဘောထား မှတ်ချက်ပေးသူနဲ့ ထပ်ဆင့်ဖြန့်ဝေ သူတွေ လည်း တော်တော်များများရှိနေတာကို တွေ့ရတဲ့အပြင် စစ်တပ်ထောက်ခံသူတွေရဲ့ Group တွေမှာလည်း ဖြန့်ဝေ နေတာကို တွေ့ရပါတယ်။

သတင်းအမှား ဖြန့်ဝေသူတွေဟာ အခုအချိန်မှာဆိုရင် အထူးသဖြင့် PDF ၊ CRPH ၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့ တစ်မျိုး အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ပဋိပက္ခ အသွင်ဆောင် စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင် နေ တာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...