KIO ပြန်ကြားရေး တာဝန်ခံမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ရှိနိုင်ငံရေးပါတီများအား ရန်သူအဖြစ်သတ်မှတ်ကြောင်း ပြောကြားသည့်အပေါ် ဒူးလေးပါတီကန့်ကွက်ရှုံ့ချ

KIO ပြန်ကြားရေး တာဝန်ခံမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ရှိနိုင်ငံရေးပါတီများအား ရန်သူအဖြစ်သတ်မှတ်ကြောင်း ပြောကြားသည့်အပေါ် ဒူးလေးပါတီကန့်ကွက်ရှုံ့ချ

၂၀၀၈ အခြေခံဥပဒေအောက်ရှိ နိုင်ငံရေးပါတီများအား ရန်သူအဖြစ် သတ်မှတ်ကြောင်း KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူမှ ပြောကြားလိုက်သည့်အပေါ် လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) မှ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း ယနေ့ မေလ(၁၉)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

ယင်းထုတ်ပြန်ကြေညာချက်တွင် နိုင်ငံရေးပါတီများ အားလုံးသည် ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်ဟု ဝန်ခံကတိပြုကာ ရပ်တည်နေသော နိုင်ငံရေး ပါတီများ ဖြစ်ကြောင်းကို သိလျက်နှင့်ပင် ရန်သူအဖြစ် သတ်မှတ်ကြောင်း ခြိမ်းခြောက်ပြောဆိုခြင်းကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ရေးသားထားသည်။

နိုင်ငံရေးပါတီပေါင်း (၉၀)ကျော်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ယင်းဥပဒေကို လေးစားလိုက်နာပါမည်ဟူသော ဝန်ခံကတိဖြင့် ပါတီတည်ထောင် ရပ်တည်လာခြင်းကြောင့် ယင်းကဲ့သို့ အရေးယူမှုများ ပြုလုပ်မည်ဟူ၍ ပြောကြားလိုက်ခြင်းသည် အစွန်းရောက်လွန်းသောကြောင့် ကန့်ကွက်ရှုံ့ချခြင်း ဖြစ်ကြောင်း လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူလေးပါတီ) ဥက္ကဌ ဦးရွှေမင်းက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“အဓိကကတော့ ၂၀၀၈ဖွဲ့စည်းပုံအောက်မှာ ရှိတဲ့ နိုင်ငံရေးပါတီတွေကို ရန်သူအဖြစ် သတ်မှတ်ပြီး အရေးယူသွားမယ်ဆိုတာ ပါတယ်။ ကျွန်တော်တို့က နိုင်ငံတော်ရဲ့ အရေးမှာ ဆောင်ရွက်တဲ့အချိန်မှာ နိုင်ငံရေးပါတီရဲ့ အခန်းကဏ္ဍဟာ နိုင်ငံတော် တိုးတက်ဖို့၊ တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာ၀ပြောဖို့ အဓိက ထားတာ ဖြစ်တယ်။ နိုင်ငံရေးပါတီအားလုံး(၉၀)ကျော်ဟာ ၂၀၀၈ အခြေခံဥပဒေအောက်မှာ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာပါမယ်ဆိုတဲ့ ဝန်ခံကတိတွေနဲ့ ပါတီတွေ တည်ထောင်ပြီး ရပ်တည်နေတာ ဖြစ်တယ်။ အဲဒီတော့ ပါတီတွေကို ရန်သူသဖွယ် သတ်မှတ်ပြီးတော့ အရေးယူသွားမယ် ဆိုတာကတော့ သိပ်ပြီးတော့ အစွန်းရောက်လွန်းတယ်။ နိုင်ငံရေးသမားက ကိုယ်တိုင်အမြင်မတူတိုင်း ရန်သူလို့ သတ်မှတ်လို့မရဘူး။ အဲဒါကြောင့် ဒီကိစ္စအတွက် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ ခြေခံဥပဒေကို လက်ခံသော နိုင်ငံရေးပါတီများသာမက စစ်ကောင်စီလက်အောက်ခံအဖြစ် ဆက်ရှိနေသေးသော နယ်ခြားစောင့်(BGF)တပ်ဖွဲ့များ၊ ပြည်သူ့စစ်တပ်ဖွဲ့များ ကို ရန်သူအဖြစ် သတ်မှတ်ကြောင်း KIA/KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောကြားလိုက်သည့် အပေါ်ကိုလည်း ဦးရွှေမင်းက ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။

“ဒီမိုကရေစီဆိုတာ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့် ရှိတယ်။ ကိုယ်ယုံကြည်ရာကို ကိုယ့်ရဲ့ နိုင်ငံရေး ယုံကြည်ချက်နဲ့ ကိုယ်လုပ်ဆောင်လို့ ရတယ်။ ကိုယ်နဲ့ အမြင်မတူတိုင်း ရန်သူလို့ သတ်မှတ်ပြီးတော့ ချေမှုန်းမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ ရှေ့ဘက်ကို ကောင်းမွန်တဲ့ ရလဒ်နဲ့ တည်တောက်နိုင်မယ့် နိုင်ငံရေး မဖြစ်လာနိုင်ဘူး။ စစ်ရေးကို စစ်ရေးအရ ဆောင်ရွက်တာက ပြဿနာမရှိပေမယ့် နိုင်ငံရေးပါတီကိုတော့ ရန်သူအဖြစ် သတ်မှတ်တာကတော့ သိပ်ပြီးမှ အစွန်းရောက်လွန်းတယ်”ဟု ၎င်းက ဆိုသည်။

ထုတ်ပြန်ချက်ထဲတွင် KIO/KIA က ရန်သူအဖြစ် သတ်မှတ်ကြောင်း ပြောကြားချက်ကြောင့် ဖြစ်ပေါ်လာမည့် ပြဿနာကို KIO/KIA  လက်နက်ကိုင်အဖွဲ့မှ တာဝန်ယူတာဝန်ခံရမည် ဖြစ်ကြောင်းလည်း ပါရှိသည်။

လီဆူလူမျိုးများနှင့် ပြည်သူလူထုအပေါ် ထိခိုက်စေမည့် မည်သည့် မတရားမှုလုပ်ရပ်များကိုမဆို လူထုအားဖြင့် နိုင်ငံရေးအရ ဥပဒေဘောင်အတွင်းမှ တန်ပြန်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...