ကျောက်ဆည်မြို့နယ် အင်ဒိုင်းကျေးရွာမှ ဖမ်းဆီးခံထားရသည့် ကလေးငယ်အပါအဝင် မိသားစုဝင် ၉ ဦး ၁ လကျော်ကြာသည်အထိ ပြန်မလွတ်သေး

ကျောက်ဆည်မြို့နယ် အင်ဒိုင်းကျေးရွာမှ ဖမ်းဆီးခံထားရသည့် ကလေးငယ်အပါအဝင် မိသားစုဝင် ၉ ဦး ၁ လကျော်ကြာသည်အထိ ပြန်မလွတ်သေး

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် အင်ဒိုင်းကျေးရွာမှ စစ်ကောင်စီတပ်ဖမ်းဆီးထားသည့် အသက် လေးနှစ်ကိုးလအရွယ်ကလေးငယ်အပါအဝင် မိသားစုဝင်ကိုးဦးမှာ တလကျော်ကြာသည်အထိ ပြန်မလွတ် သေးကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။

စစ်ကောင်စီမှအမှုဖွင့်ထားခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် CDM ပညာရေးဝန်ထမ်း ဦးဝေလွင်ဦးကို နေအိမ်တွင် ဧပြီလ ၃၀ ရက်နေ့က လာရောက်ရှာဖွေစဉ် မတွေ့ရှိသဖြင့် ၎င်း၏ အမျိုးသမီး နှင့် ကလေးဖြစ်သူအပါအဝင် မိသားစုဝင်ကိုးဦးကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

“ဖမ်းခံထားရတဲ့ သူတွေအကြောင်း ဘာမှကို မသိရတာ။ ကလေးကိုတော့ မြို့မရဲစခန်းမှာ ထိန်းသိမ်းထား တယ်ဆိုပြီး သိရတယ်။ ချုပ်ထားတာတော့ မရှိဘူး။ အကျယ်ချုပ်သဘော ချထားတာပါ။ နောက်လဆို ကလေးရဲ့ ငါးနှစ်ပြည့်မွေးနေ့ရောက်ပြီ။ ကလေးက သူ့အမေနဲ့လည်း အခုထိမတွေ့ရသေးဘူး။ အတူတူ လည်း မထားဘူး။ တခြား ဖမ်းဆီးခံထားရတဲ့သူတွေနဲ့လည်း အခုထိအဆက်အသွယ်မရသေးပါဘူး” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က အသက်လေးနှစ်ကိုးလအရွယ် ကလေးငယ်ကို ရဲစခန်းတွင် အကျယ်ချုပ်သဘော ထိန်းသိမ်းထားပြီး ကျန်သည့်မိသားစုဝင်များကို မည်သည့်နေရာတွင် ထိန်းသိမ်းထားခြင်းကို မသိရှိရသေး ကြောင်း ၎င်းကဆိုသည်။

မေလ ၈ ရက်နေ့ကလည်း ကိုဝေလွင်ဦးပိုင်ဆိုင်သည့် အင်ဒိုင်းကျေးရွာရှိ အိမ်ဝိုင်းသုံးခုကို ၎င်း၏ အမျိုး သမီးဖြစ်သူကို ခေါ်ဆောင်လာကာ စစ်ကောင်စီတပ်က လာရောက်ချိပ်ပိတ်သွားကြောင်းလည်း သိရသည်။

“အမေကြီး(ကိုဝေလွင်ဦးမိခင်)က အသက် ၇၀ လောက်ရှိပြီ။ ပြီးတော့ သွေးတိုးဆီးချို ရောဂါသည်။ အသက်မပြည့်သေးတဲ့ကလေးကိုလည်း ဖမ်းထားတော့ အရမ်းစိတ်ပူနေတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့က ကျောက်ဆည်မြို့နယ် မြို့ရှောင်လမ်းပေါ်ရှိ တိုးဂိတ်အနီးတွင် စစ်ကောင်စီပိုင် ဆင်မင်းဘိလပ်မြေစက်ရုံဝန်ထမ်းများအတွက် လစာငွေ ကျပ်သိန်း ၁,၅၀၀ ထုတ်ယူလာ သည့်ကားကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက သေနတ်ပြခြိမ်းခြောက်ကာ ပိုက်ဆံနှင့်ကားကို ယူဆောင် သွားကြောင်း စစ်ကောင်စီတပ်က ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်တွင် ကိုဝေလွင်ဦးပါဝင်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဧပြီလ ၃၀ ရက်နေ့တွင် ကျောက်ဆည် အင်ဒိုင်းရွာရှိ ၎င်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ပြီး မတွေ့ရှိခြင်းကြောင့် မိသားစုဝင်များ ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က အင်ဒိုင်းကျေးရွာအတွင်းရှိ NLD ပါတီအမာခံများ၊ ငွေကြေးချမ်းသာသူများ၊ အုပ်ချုပ် ရေးမှူးဟောင်းများနှင့် ရာအိမ်မှူး ဟောင်းများကို ဖမ်းဆီးကာ ငွေကြေးတောင်းယူမှုများပြုလုပ်ပြီးနောက် ပြန်လွှတ်ပေးသူများရှိသလို ယခုအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရသူများလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

 

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...