စစ်ကောင်စီဖိတ်ကြားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုမတက်ဟု KIO က ထုတ်ပြန်ချက် ထွက်လာပြီးနောက် ညီနောင်မဟာမိတ်သုံးဖွဲ့ ဆွေးနွေးပွဲတက်/မတက်အပေါ် အာရုံစိုက်စရာဖြစ်လာ

စစ်ကောင်စီဖိတ်ကြားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုမတက်ဟု KIO က ထုတ်ပြန်ချက် ထွက်လာပြီးနောက် ညီနောင်မဟာမိတ်သုံးဖွဲ့ ဆွေးနွေးပွဲတက်/မတက်အပေါ် အာရုံစိုက်စရာဖြစ်လာ
Photo by NMG
Photo by NMG

ကချင်လွတ်မြောက်ရေးအဖွဲ့ ( KIO) မှ စစ်ကောင်စီမှ ဖိတ်ကြားထားသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတက်ဟု ထုတ်ပြန်ကြေညာချက် ထွက်လာပြီးနောက် အေအေအပါအဝင် မြောက်ပိုင်းညီနောင် မဟာမိတ် သုံးဖွဲ့အနေဖြင့် ၎င်းဆွေးနွေးပွဲကို တက်/ မတက်အပေါ် လူအများ အာရုံ စိုက်စရာ ဖြစ်လာနေသည်ဟု ကျောက်တော်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းဝင်းက ပြောကြားသည်။

“ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအထဲက အင်အားကြီးတဲ့ KIO မတက်ဆိုတော့ နောက်ထပ် အင်အားကြီးတဲ့ အေအေအပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့တက်မလား။ ဒါတွေကို ကျနော်တို့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်။ သူတို့ တက်မတက်ဆိုတာက မြန်မာနိုင်ငံ အတွက်သာမက ရခိုင်အတွက်လည်း အရေးကြီးပါတယ် ” ဟု ၎င်းက ပြောကြားသည်။

ယနေ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားသောလည်း ပြည်သူအများစုက သံသယဖြင့် ရှိနေကြသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

“ ကျနော်တို့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်ခဲ့ကြတယ်။ အထူးသဖြင့် နိုင်ငံကို ဦးဆောင်တဲ့ တပ်မတော်အစိုးရ အဆက်ဆက်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဖိတ်ခေါ် ဆွေးနွေးခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့  နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ တိကျခိုင်မာရေရာတဲ့ အဖြေရခဲ့တဲ့ အနေအထားတွေ မရှိခဲ့ဘူး။ မရှိခဲ့ဘူးဆိုတော့ အဲဒီအပေါ်မှာလည်း လူတွေကအများကြီး သံသယဖြစ်တာပေါ့။ ဒီကြားထဲမှာ သူတို့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ သူတို့ဆွေးနွေးမယ်ဆိုတဲ့ ဖိတ်ခေါ်မှုတွေဟာ တကယ့် နိုင်ငံရေးအရပေါ့လေ။ ဖိတ်ခေါ်တာလား။  နိုင်ငံရေးကြွားလုံး တစ်ခု အနေနဲ့၊ ဟန်ပြတစ်ခု အနေနဲ့ လုပ်တာလားဆိုတဲ့ သုံးသပ်မှုတွေကလည်း အများကြီးရှိတယ်ပေါ့” ဟု ဦးဦးထွန်းဝင်းက ပြောဆိုသည်။

လက်ရှိတွင် ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) ၊ တအာင်း ( TNLA) နှင့် ကိုးကန့် (MNDAA) အဖွဲ့  ဆွေးနွေးတက်/မတက်ကို အများကစိတ်ဝင်တစားစောင့်ကြည့်နေကြပြီး  လက်ရှိ စစ်ကောင်စီ ဥက္ကဋ္ဌက ဖိတ်ကြားထားသည့်  ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်ရေးမှာ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ တက်/ မတက် အပေါ်တွင် မူတည် နေသည်ဟု သုံးသပ်မှုများလည်းရှိနေသည်။.

“ ဒီမြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက်ရော၊ ကျနော်တို့အနာဂတ်သွားမယ့် တိုင်းရင်းသားပဋိပက္ခတွေ ငြိမ်းအေးပြီးမှ ကျနော်တို့လိုချင်တဲ့ နိုင်ငံရေး ပန်းတိုင်တစ်ခုကို သွားမယ်ဆိုရင် ဘာဘဲဖြစ်ဖြစ်ကျနော်တို့ ဒီတိုက်ပွဲတွေကို ရှောင်ပြီးမှ စားပွဲပေါ်မှာ သူ၊ ကိုယ်လိုချင်တဲ့ဟာကို ဆွေးနွေးညှိနှိုင်းလို့ရတဲ့ အနေအထားတစ်ခုကိုတော့ဖြင့် ကျနော်တို့ရယ် လို့တော့ မဟုတ်ဘူး၊ လူတိုင်းကတော့ မျှော်လင့်တာဘဲ။ ဒါပေမဲ့ စကစနဲ့ ဆွေးနွေးလို့အဖြေ ကျနော်ထင်တယ်၊ သိပ်ထွက်မယ်လို့ မထင်ဘူးဗျာ။ ဒါကြောင့် လောလောဆယ်ထိကတော့ သိပ်ရေရေရာရာ မှန်းဆဖို့ ခက်ပါတယ်။ ဒီအနေအထားတွေပေါ်မှာလည်း ဒါတိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်ကလည်း သူတို့လည်းတွက်မှာဘဲ” ဟု ပြောသည်။

မြန်မာနိုင်ငံထဲမှာ အင်အားကြီးသည့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် ထုတ်ပြန်ကြေညာချက် (၂/၂၀၂၂) ကို မေလ ၅ ရက် နေ့စွဲဖြင့် ထုတ်ပြန်ရာတွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ကြားသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးမည်မဟုတ်ဟု ဖော်ပြထားသည်။

ထုတ်ပြန်ကြေညာချက်ထဲတွင် ရေးသားဖော်ပြထားသည်မှာ “  ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့ ရုပ်မြင်သံကြားတွင် ထုတ်လွှင့်သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကို ကြားသိရပါကြောင်း၊  ၂၀၂၂ ခုနှစ်၊ မေလ (၂) ရက်စွဲဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးရန် ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်က ထပ်ဆင့် အကြောင်း ကြားသည့် စာကိုလည်း လက်ခံရရှိပါကြောင်း” ဦးစွာ ဖော်ပြထားသည်။

ယင်းအပြင် ထုတ်ပြန်ချက်အထဲတွင် “ နိုင်ငံရေးပြဿနာများကို နိုင်ငံရေး ဆွေးနွေးခြင်းဖြင့် အဖြေရှာရန် လိုအပ်ပါကြောင်း၊ ယခု ဖိတ်ခေါ်ချက်တွင် (က) ပါဝင်သင့်သူအားလုံးကို ဖိတ်ခေါ်ခြင်း မရှိကြောင်း တွေ့ရှိရပါကြောင်း၊   နိုင်ငံ၏ အရေးအရာများကို ဆွေးနွေးအဖြေရှာမည် ဟူသော သဘောထား မပါရှိသည်ကို တွေ့ရှိရပါကြောင်း၊  သို့ဖြစ်ပါ၍ ပါဝင်သင့်သူများအားလုံး ပါဝင်နိုင်ပြီး နိုင်ငံ၏ အရေးအရာများကို တန်းတူ ဆွေးနွေးနိုင်မည့် အချိန်အခါ၊ အခင်းအကျင်းရောက်ရှိမှသာ ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါကြောင်း”  ဖော်ပြထားသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...