တည်ငြိမ်အေးချမ်းနေသည့် ရခိုင်တွင် ညမထွက်ရအမိန့် ထပ်တိုးထုတ်ပြန်နေခြင်းမှာ ဥပဒေကို လိုတစ်မျိုး၊ မလိုတစ်မျိုးကျင့်သုံးနေခြင်းဟုဆို

တည်ငြိမ်အေးချမ်းနေသည့် ရခိုင်တွင် ညမထွက်ရအမိန့် ထပ်တိုးထုတ်ပြန်နေခြင်းမှာ ဥပဒေကို လိုတစ်မျိုး၊ မလိုတစ်မျိုးကျင့်သုံးနေခြင်းဟုဆို

တည်ငြိမ်အေးချမ်းနေသည့် ရခိုင်တွင် မြို့နယ်တချို့တွင် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို ၂ လတစ်ကြိမ် ထပ်တိုးထုတ်ပြန်နေခြင်းမှာ ဥပဒေကို လိုတစ်မျိုး၊ မလိုတစ်မျိုးကျင့်သုံးနေခြင်းဖြစ်သည်ဟု မြေပုံမြို့နယ် ရခိုင်အမျိုးသားပါတီ(ANP)ဗဟိုကော်မတီဝင် ဦးခိုင်ကိုဝင်းက ပြောဆိုသည်။

"အရင် ၂၀၁၈/၁၉ ကနေ တိုက်ပွဲဖြစ်ပြီးထုတ်ထားတဲ့ ၁၄၄ ကိုတော့ ဘယ်မြို့နယ်မှာမှ မရုပ်သိမ်းသေးဘူး။ ဒါဟာ ပြဿနာတစ်စုံတစ်ရာဖြစ်လာရင် ဒီဥပဒေနဲ့ ကိုင်ပေါက်လို့ရတယ်ဆိုတဲ့အကြောင်းပြချက်တွေရှိတယ်။ လိုတစ်မျိုး၊ မလိုတစ်မျိုး ဥပဒေကို သားရေကွင်းလို ဆွဲနိုင်၊ ဆန့်နိုင် လုပ်ထားတာမျိုး ရှိပါတယ်။ နယ်မြေအေးချမ်းနေရင် ဥပဒေက အကျုံးမဝင်သလိုဖြစ်နေပြီး ပစ်သံ၊ ခတ်သံထွက်ရင် ဥပဒေက မရုပ်သိမ်းထားတဲ့အတွက် ဒီဥပဒေနဲ့ပဲ ကိုင်ပေါက်တယ်။ ဒီဥပဒေကိုချိုးဖောက်လို့ အရေးယူရခြင်းဖြစ်တယ်လို့ လိုတစ်မျိုးမလိုတစ်မျိုး ဥပဒေ ကျင့်သုံးနေတယ်လို့ မြင်တယ်"ဟု ပြောသည်။

ပြီးခဲ့သည့် မေလ၂ ရက်ကလည်း မြေပုံမြို့နယ်အတွင်း ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း သွားလာခြင်းမပြုရန် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ (ညမထွက်ရအမိန့်)အား ထပ်တိုးထုတ်ပြန်ခဲ့ပြီး ဤအမိန့်သည် ထုတ်ပြန်သည့်နေ့မှ ၂ လအထိအတည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်လင်းနိုင် လက်မှတ်ရေးထိုးထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသောအကြမ်းဖက်မှုများဖြစ်သည့် မိုင်းထောင်ဖောက်ခွဲခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ရဲစခန်း၊ ကင်းစခန်းတို့အား ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်စဉ်များဖြစ်ပွားခဲ့ခြင်းကြောင့် ညမထွက်ရအမိန့်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ရေးသားထားသည်။

လက်ရှိ အခြားပြည်နယ်များထက် တည်ငြိမ်အေးချမ်းနေသောရခိုင်တွင် ဘုရားပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို လွတ်လပ်စွာကျင်းပနေသော်လည်း ယခင်တိုက်ပွဲကာလအဖြစ်အပျက်များကို အကြောင်းပြကာ ညမထွက်ရအမိန့်ကို ပုံမှန်အတိုင်း ၂ လတစ်ကြိမ်ထုတ်ပြန်နေခြင်းသည် စစ်တပ်က ၄င်းတို့၏လုပ်ရပ်များကို စိတ်မလုံခြုံ၍ဖြစ်နိုင်ကြောင်း အမ်းမြို့မှ လူမှုရေးလှုပ်ရှားသူ ကိုမျိုးလွင်က ပြောသည်။

"အဓိကက သူတို့ဘက်မှာ စိတ်မလုံခြုံမှုတွေရှိမယ်။ သူတို့ရဲ့လုံခြုံရေးအရ မလုံခြုံတာကြောင့်လည်းဖြစ်မယ်။ နောက်ပြီး သူတို့ကိုယ်တိုင်က ရခိုင်ကို ဖိနှိပ်ထားလို့ မလုံခြုံလို့ အခုလို ညမထွက်ရအမိန့်ထုတ်တယ်လို့ မြင်တယ်"ဟု ပြောသည်။

ညမထွက်ရ ထပ်တိုးထုတ်ပြန်မှုကို ယခင်က ရပ်ကွက်၊ ကျေးရွာများကိုလှည့်လည်အသိပေးမှုရှိသော်လည်း ယခုနောက်ပိုင်းတွင် အသိပေးကြေညာမှုများမရှိသည့်အတွက် ပြည်သူများအနေဖြင့်လည်း ပုံမှန်အတိုင်းသွားလာလျက်ရှိကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းက နိရဥ္စရာကိုပြောသည်။

"ရုံးတွေမှာတော့ သက်တမ်းတိုးတာစာထုတ်တာတွေရှိမှာပေါ့။ အရင်ကကြေညာတယ်။ အခုနောက်ပိုင်းတော့ မကြားမိဘူး။ ပယ်ဖျက်တာမျိုးလည်း မကြားမိဘူး။ ပြည်သူလူထုကတော့ ပုံမှန်အနေအထားနဲ့ သွားလာလို့ရှိကြတယ်"ဟု ပြောသည်။

ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြသည့် ရခိုင်မှ မြောက်ဦး၊ ကျောက်တော်၊ အမ်း၊ မြေပုံ၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်စသည့်မြို့နယ်များအပြင် ပဋိပက္ခများဖြစ်ပွားခဲ့သည့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင်လည်း ညမထွက်ရအမိန့်ကို ၂ လ တစ်ကြိမ် ထပ်တိုးထုတ်ပြန်လေ့ရှိကြောင်း သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...