အောင်မြင်သာအပန်းဖြေစခန်း ဆိုင်ခန်းတဲများ မီးလောင်ကျွမ်း

အောင်မြင်သာအပန်းဖြေစခန်း ဆိုင်ခန်းတဲများ မီးလောင်ကျွမ်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြစ်ဆုံသွားလမ်းပေါ်က အောင်မြင်သာ အပန်း‌ဖြေ နေရာရှိ ဆိုင်ခန်းတဲ(၂၀)ဝန်းကျင် ယနေ့မနက် (၄)နာရီဝန်းကျင်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ညအချိန် ငါးရှာထွက်သည့် ကလေးများ တဲအနီးဝန်းကျင် မီးမွေးရာမှတဆင့် မီးကူးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်သည့်အပြင် ယနေ့မနက်လေတိုက်နှုန်းပြင်းထန်မှုကြောင့် ဆိုင်ခန်းတဲ အပြင် မီးဖိုဆောင်(၂)ခုအပါ (၂၀)ဝန်းကျင် မီးလောင်မှုထဲ ပါသွားကြောင်း ရပ်မိရပ်ဖ တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

"(၄)နာရီလောက်မှာ ဟုတ်တယ်။ ချောင်းထဲမှာ ငါးသွားရှာတဲ့ ကလေးတွေ နားရင်း မီးမွှေးပြီး အစားအသောက်တွေများ ချက်ပြုတ်စားသောက်တဲ့ မီးကနေ တဆင့် မီးစကနေ လောင်လာတဲ့ အနေအထား ဖြစ်တယ်။ မီးလောင်တာတွေ့တော့ သွားကြည့်တဲ့ အချိန် လေတိုက်နှုန်းက တော်တော်လေး ပြင်းတော့  တဲတွေ မီးလောင်ကူးတာ မြန်သွားတယ်။ ဆိုင်ရှင် အိမ်ထောင်စု(၃)ခုရဲ့ ဆိုင်ခန်းတဲ့အပါအဝင် မီးဖိုချောင်(၂)ခု အပါ (၂၀)လောက် မီးလောင်တဲ့ အထဲ ပါသွားတယ်"ဟု ၎င်းက ပြောသည်။

မီးလောင်မှု ဖြစ်ပွားချိန် ရွာအတွင်းမှ ပြည်သူများလည်း အားလုံး လာရောက် ဝိုင်းဝန်း တားဆီးမှုကြောင့် ချောင်းတစ်ဖက်သို့ မီးကူးသွားခြင်း မရှိကြောင်းနှင့် ယခုမီးလောင်မှုတွင် ဆုံးရှူံးမှုများနိုင်ကြောင်းလည်း သိရသည်။

"ဒီမနက်တော့ ဝိုင်းဝန်းပြီး သန့်ရှင်းရေးလည်း အကုန် လုပ်ပြီးသွားပါပြီ။ ရွာကလူတွေလည်း အကုန်လာပြီး တားကြတော့ တစ်ဖက်ကမ်းတော့ မကူးသွားဘူးပေါ့။ တဲ တစ်ခုကို အပြီးအစီးဆို(၁)သိန်းခွဲလောက်ကျတယ်။ မီးဖိုဆောင်က အနည်းဆုံး(၃)သိန်းလောက်ပေါ့။ (၂)ဆောင်ဟုတ်တယ်။ ပြီးတော့ စားပွဲတွေ၊ ဘာတွေ အကုန်ပါသွားတာပေါ့"ဟု ၎င်းက ဆိုသည်။

လက်ရှိ ရွာ၏ ကော်မတီဝင်များ၊ ဈေးတန်းကော်မတီများနှင့် ညှိနှိုင်းပြီး ဈေးဆိုင်များကို ပြန်လည် ဆောက်လုပ်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

မီးလောင်မှုနှင့်ပတ်သက်ပြီး အစပြုခဲ့သည့် ကလေးများကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

ယင်း ဆိုင်ခန်းများကို ကိုဗစ်ကာလ အချိန်က ပိတ်ထားခဲ့ရာမှ ပြည်သူများအနေဖြင့် အသက်မွေးဝမ်းကျောင်းအတွက် ပြန်လည် ဖွင့်လှစ်လာသည်မှာ (၆)လဝန်းကျင်သာ ရှိသေးကြောင်းလည်း သိရသည်။

February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...