မူးယစ်ဆေးဖြတ် ကုသလိုသူများ ဘဝသစ် ပြန်လည်ထူထောင်ရေးဂေဟာတွင် လူသစ်စတင် လက်ခံတော့မည်

မူးယစ်ဆေးဖြတ် ကုသလိုသူများ ဘဝသစ် ပြန်လည်ထူထောင်ရေးဂေဟာတွင် လူသစ်စတင် လက်ခံတော့မည်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကက်သလစ်သာသနာမှ ဖွင့်လှစ်ထားသည့် ‘ဘ၀သစ် ပြန်လည်ထူထောင်ရေးဂေဟာ”တွင် အမှတ်စဉ်(၁၈)အတွက် မူးယစ်ဆေးဖြတ်လိုသည့် လူသစ်များကို မေလ(၃)ရက်နေ့မှ စတင်ပြီး နာမည်စာရင်းများကို စတင်လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးဖြတ်၊ ကုသမှု ခံယူလိုသူများကို မေလ(၃)ရက်နေ့မှ(၆)ရက်နေ့အထိ ဖုန်းမှ တဆင့် နာမည်စာရင်းများကို စတင်လက်ခံသွားမည်ဖြစ်ကြောင်းနှင့်  ကိုဗစ်ကာလဖြစ်သောကြောင့် အမျိုးသား၊ အမျိုးသမီး လူဦးရေကို အကန့်အသတ်ဖြင့်သာ လက်ခံသွားမည်ဖြစ်ကြောင်း ဘ၀သစ်ပြန်လည်ထူထောင်ရေးဂေဟာ တာဝန်ခံက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ဖုန်းခေါ်ပြီး အရင်လက်ခံမယ်။ ပြီးရင် မေ(၉)ရက်နေ့မှာ ယောက်ျားလေးတွေကို လက်ခံမယ်။ မေ(၁၀)မှာက မိန်းကလေးတွေကို လက်ခံမှာ ဟုတ်တယ်။ လူအကန့်အသတ်လေးနဲ့ လက်ခံသွားမယ်။ လူကျတော့ အများဆုံးတော့ ယောက်ျားလေးက အယောက်(၄၀)ပေါ့၊ မိန်းကလေးဆိုရင် (၁၅)ယောက်လောက်ပေါ့။ ကိုဗစ်ကာလလည်း ဖြစ်တဲ့အခါကျတော့။ အခြေအနေကြည့်ပြီးမှလက်ခံဖို့ စီစဉ်ထားတယ်”ဟု ၎င်းက ပြောသည်။

သင်တန်းအတွက် လူသစ်လက်ခံရာတွင် လူမျိုး၊ ဘာသာမရွေး မိမိကိုယ်တိုင် အမှန်တကယ် မူးယစ်ဆေးဝါး ဖြတ်လိုသူများကို အဓိက ဦးစားပေး လက်ခံသွားမည်ဖြစ်ပြီး သင်တန်းအတွက် ဝင်ကြေး(၅၀၀၀၀)ကျပ်၊ လစဉ်ကြေး(၅၀၀၀၀)ကျပ် တီရှပ်ဖိုး ငါးထောင်နှင့် ဆေးဖိုး(၂၅၀၀၀)ကျပ် သတ်မှတ်ထားသော်လည်း ငွေရေးကြေးရေး အခက်အခဲ ဖြစ်နေသူများအနေဖြင့် ရုံးသို့ လာရောက်ဆွေးနွေးတိုင်ပင်နိုင်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။

“တကယ်ကို ကိုယ်တိုင်စိတ်ဆုံးဖြတ်ပြီးမှ ကြိုးစားချင်တဲ့ သူတွေကို ဦးစားပေးသွားမယ်။ တချို့ကျတော့ မိဘတွေကနေ တွန်းပို့ထားတယ်။ စာရင်းကတော့ များနေတယ်။ တကယ်ကြိုးစားတဲ့ သူက နည်းတယ်။ ဆိုတော့ တကယ်ကြိုးစားချင်တဲ့သူကိုတော့ ဦးစားပေးပါတယ်။ မိသားစုမှာ အခက်အခဲရှိရင် ရုံးထဲက သက်ဆိုင်တဲ့သူတွေနဲ့ လာရောက်ဆွေးနွေးနိုင်ပါတယ်။ ငွေရေးကြေးရေးကတော့ ဒုတိယပေါ့။ တကယ်ပဲ ကိုယ်ကြိုးစားမယ်ဆိုရင် လက်ခံပါတယ်။ တကယ်မူးယစ်ဆေးဝါးထဲ နစ်မြှုပ်နေတဲ့ လူငယ်တွေ၊ ဆွေမျိုးသားချင်းတွေ၊ မိန်းကလေး၊ ယောက်ျားလေး အကုန်လုံးကို လက်ခံနေပါပြီ။ တကယ်ကို ဘ၀ကြိုးစားပြီး ပြောင်းလဲချင်တဲ့ သူတွေအတွက် ဘ၀သစ်ထူထောင်ရေးက ကြိုဆိုနေပါတယ်”ဟု ၎င်းက ဆိုသည်။

အမှတ်စဉ်(၁၈)အတွက် သင်တန်းကာလမှာ မေလ(၂)ရက်နေ့မှ ဩဂုတ်လ(၁၂)ရက်နေ့အထိ (၃)လ ဖြစ်ပြီး မူးယစ်ဖြတ်၊ ကုသခံယူလိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉၂၅၂၅၄၇၅၀၃၊ ၀၉၂၅၉၁၆၉၀၀၇နှင့် ၀၉၄၀၈၁၅၁၉၅၆ကို ဆက်သွယ် နာမည်စာရင်း ပေးသွင်းနိုင်ကြောင်းလည်း သိရသည်။

February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...