ဆွမ်ပီယန်ဒေသခံများ စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့်သာ သွားလာနေရ

ဆွမ်ပီယန်ဒေသခံများ စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့်သာ သွားလာနေရ

ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာအတွင်း စစ်ကောင်စီတပ်သားများ တပ်စခန်းချ နေထိုင်နေပြီး ကျေးရွာနေပြည်သူများ သွားလာရေးအတွက် ၎င်းတို့ထံ ခွင့်တောင်းပြီး သွားလာနေရကြောင်း သိရသည်။

ဒေသခံများ အနေဖြင့် ထင်းကောက်၊ တောင်ယာသွားရန်ပါ ခွင့်တောင်းပြီး သွားလာနေရကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

"သူတို့ ခွင့်ပြုချက်ရမှ သွားလာလို့ ရတယ်။ နည်းနည်း ဝေးရင် မသွားခိုင်းဘူး။ လုံခြုံရေး သိပ်မရှိသေးဘူး အဲဒီလိုတော့ ပြောတယ်။ ရွာကနေ တစ်မိုင်အတွင်းတော့ သွားလို့ရတယ်။ ဒါတောင် ခွင့်တောင်းရတယ်။ ထင်းကောက်၊ တောင်ယာသွားက အစ ခွင့်တောင်း ရတယ်။ ဒီနှစ်တော့ တောင်ယာတောင် မခုတ်နိုင်တော့ဘူး။    ခြံသွား၊ ဘာသွားဆိုရင်တော့ ခွင့်တောင်းရတာပေါ့။ သူတို့ ပေးသွားရင်တော့ သွားပေါ့။ "ဟု ၎င်းက ပြောသည်။

ရွာရှိ ဂိတ်များ အားလုံးကို မနက်(၆)နာရီမှ ညနေ(၆)နာရီအတွင်း သွားလာရန် ကန့်သတ်ပေးထားကြောင်းနှင့် မြစ်ကြီးနား၊ ပူတာအို စသည့် မြို့များသို့ လွတ်လပ်စွာ သွားလာခွင့် ပေးထားသော်လည်း တောင်ယာ၊ ထင်းကောက်သွားရန်အတွက်မူ ခွင့်ပြုချက်ပေးမှသာ သွားလာရကြောင်းလည်း သိရသည်။

အဝင်အထွက် ဂိတ်အားလုံးကို စစ်ကောင်စီတပ်သား အရပ်ဝတ်များက စောင့်ကြပ် နေသောကြောင့် သွားလာရေးအတွက် ခက်ခဲနေကြောင်း ၎င်းက ဆက်လက် ပြောသည်။

"မနက်မိုးလင်းတာနဲ့(၆)နာရီမှာ ဂိတ်ဖွင့်ပေးတယ်။ လမ်းတွေ အကုန်ပိတ်ထားတာ။ လမ်း‌ တွေအကုန် ညနေ(၆)နာရီဆိုရင်လည်း ပိတ်ပြီ။ မြို့ထဲသွားတာတော့ ဘာမှ မလိုဘူး။  ကိုယ်တွေအတွက်တော့ ခက်တာပေါ့။ သူတို့ ရှိနေတော့ စစ်ရေးတွေ တင်းမာလာမှာကိုလည်း စိုးရိမ်နေရတယ်။  အရပ်ဝတ်တွေနဲ့ပဲ နေနေကြတယ်။ ဂိတ်ထိုင်တွေရော အရပ်ဝတ်တွေပဲ။ အကုန်အရပ်ဝတ်နဲ့ပဲ။ ကချင်ပုဆိုးတို့၊ အားကစားဘောင်းဘီတို့နဲ့ နေနေကြတယ်"ဟု ၎င်းက ဆိုသည်။

ဆွမ်ပီယန်ကျေးရွာနေပြည်သူများ တော၊ တောင်အတွင်း ထွက်ပြေးတိမ်းရှောင် နေရာမှ မတ်လ(၂၂)ရက်နေ့တွင် ရွာတွင်း ပြန်နေချိန်မှ စ၍ စစ်ကောင်စီတပ်သားများ ရှိနှင့်နေပြီ ဖြစ်သည်။

ရွာအတွင်း စစ်ကောင်စီတပ်သား လူအင်အား (၂၀၀)ကျော်ဝန်းကျင် ရှိကြောင်းလည်း ဆိုသည်။

လက်ရှိ ဆွမ်ပီယန်ကျေးရွာအတွင်း ပြန်လည် လာရောက် နေထိုင်သူ လူဦးရေ(၆၀၀)ကျော်ရှိကြောင်းလည်း သိရသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...