ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စစ်ကောင်စီမှ ကျင်းပသည့် အတာသင်္ကြန်ပွဲတော်တွင် ပါဝင်ဖျော်ဖြေခဲ့မိသည့်အတွက် အဆိုတော်ကရန်ကိုင်ဒင့်မှ ပြည်သူလူထုကို တောင်းပန်ထားသည့်အပြင် ကချင်အနုပညာရှင်များ အသင်းချုပ် ဒုအတွင်းရေးမှူးတာဝန်မှလည်း ရပ်နားလိုက်ပြီဖြစ်ကြောင်း သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဝေမျှထားသည်ကို တွေ့ရသည်။
သူမအနေဖြင့် အဆိုပါ သင်္ကြပွဲတော်အစီအစဉ်တွင် ပါဝင်ခဲ့ခြင်းမှာ ကချင်အနုပညာရှင်များ အသင်းချုပ်နှင့် လုံး၀ သက်ဆိုင်ခြင်းမရှိကြောင်းနှင့် သူမ၏ ဆုံးဖြတ်ချက်ဖြင့်သာ ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူလူထုကို ယခုကဲ့သို့ တောင်းပန်ထားသည်။
“ပြီးခဲ့တဲ့ သင်္ကြန်ပွဲအစီအစဉ်မှာ ပါဝင်ဖြစ်ခဲ့တာက ကချင်အနုပညာရှင်များအသင်းချုပ်နဲ့ လုံး၀ ပတ်သက်ခြင်းမရှိတာကို ပြောပြချင်ပါတယ်။ ဒါ့အပြင် မိသားစုဝင်တွေကလည်း မသိသလို ကျွန်မကိုယ်တိုင်ပဲ ပါဝင်ဖြစ်ခဲ့တာပါ။ ဖြစ်သခဲ့သမျှဟာ ကျွန်မအပြစ်ပဲလို့ ခံယူပါတယ်။ ကချင်အနုပညာရှင် Term(သက်တမ်း) လဲတဲ့အချိန် ဒုတာဝန်ခံအနေနဲ့ ယုံကြည်ပြီး တာဝန်ပေးအပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မအနေနဲ့ ဒီဟာနဲ့ မထိုက်တန်တော့ဘူးလို့ ခံယူပါတယ်။ ဒါကြောင့် ဒီတာဝန်ကနေလည်း နားပြီလို့ အကြောင်းကြားချင်ပါတယ်။ ကချင်အနုပညာရှင်က ဦးဆောင်ပြီး ပြုလုပ်မယ့် အစီအစဉ်တွေကိုတော့ ကျရာကဏ္ဍကနေ ပါဝင်သွားမယ်လို့ ပြောချင်ပါတယ်။ ပြည်သူလူထုတွေကိုလည်း ပြောချင်ပါတယ်။ ကျွန်မအနေနဲ့ အနုပညာကို ချစ်တယ်။ အနုပညာနဲ့ ပတ်သက်ပြီး စဉ်းစားထားတာတွေ ရှိသေးတဲ့အတွက် အနုပညာလျှောက်လမ်းကို ဆက်လက်လျှောက်လှမ်းသွားမှာ ဖြစ်တဲ့အတွက် အခု မှားခဲ့တဲ့ အမှားကို မေတ္တာတရားနဲ့ ခွင့်လွှတ်ပေးကြပါလို့။ မထိုက်တန်တော်လည်း ဆက်လက်အားပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု သူမ၏ လူမှုကွန်ရက်စာမျက်နှာ မှတဆင့် ကချင်ဘာသာစကားဖြင့် တောင်းပန်ထားသည်။
လက်ရှိ ခန့်အပ်ခံထားရသည့် ကချင်အနုပညာရှင်များ အသင်းချုပ် ဒုတိယအတွင်းရေးမှူးတာဝန်နှင့် မထိုက်တန်တော့ကြောင်း ခံယူသောကြောင့် တာဝန်မှ ရပ်ဆိုင်းသွားမည်ဖြစ်သော်လည်း သူမချစ်သည့် အနုပညာအလုပ်ကို ဆက်လက်လုပ်သွားမည်ဖြစ်၍ ပြည်သူလူထုအနေဖြင့် နားလည်ခွင့်လွှတ်ပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။
အဆိုတော် ကရန်ကိုင်ဒင့်အပါ အဝင် ကချင်နာမည်ကြီး အဆိုရှင်များဖြစ်သည့် နောနော်နှင့် အစ္စဘယ်လ်ဂျာဘောက်တို့က စစ်ကောင်စီက ကျင်းပသည့် မြစ်ကြီးနားင်္သကြန်၏ ဗဟိုမဏ္ဏပ်တွင် ပါဝင် ဖျော်ဖြေခဲ့ကြသည်။







