ပူတာအိုစစ်ရှောင်များ ဒုတိယအကြိမ် နေရပ်ပြန်

ပူတာအိုစစ်ရှောင်များ ဒုတိယအကြိမ် နေရပ်ပြန်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ပူတာအိုမြို့နယ် စစ်ရှောင်ပြည်သူများ ဒုတိယအကြိမ် မိမိတို့ကျေးရွာနေရပ်သို့ပြန်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ဆွမ်ပီယန်ကျေးရွာနှင့် လုံရှာယန်ကျေးရွာမှ စစ်ရှောင်ပြည်သူ အများပိုင်းပါဝင်ပြီး ဧပြီလ ၉ ရက်နေ့မနက်ပိုင်းက မြစ်ကြီးနားမြို့၊ မနောင်ကွင်းတွင် လူစုကာ အသင်းတော်ပိုင်းဆိုင်ရာများ၊ PCG နှင့် WMR စသည့် အဖွဲ့အစည်းများမှ ဒုတိယအကြိမ် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီမနက်ပိုင်း ၆ နာရီလောက်ကနေ မနောင်ကွင်းမှာ လူစုလိုက်တယ်။ အဓိကများတာကတော့ ဆွမ်ပီယန်နဲ့ လုံရှာယန်ပေါ့။ ကျန်တဲ့ ကျေးရွာတွေလည်းပါပါတယ်။ အိမ်ထောင်စု ၈၀ ကျော်။လူဦးရေကတော့ စုစုပေါင်း ၂၂၇ ယောက်ဟုတ်တယ်“ ဟု ဆိုသည်။

လက်ရှိအချိန် ရွာနှင့်အနီးတစ်ဝိုက်တွင် စစ်ကောင်စီ တပ်သားများ ရှိနေသေးသည့် အတွက်ကြောင့် စိုးရိမ်မှု ရှိနေကြောင်းလည်း နေရပ်ပြန် စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့လည်း အိမ်ပြန်ရတာ ပျော်ပေမယ့် စိတ်က သိပ်မလုံဘူး။ ရွာထဲမှာလဲ စစ်တပ်ကရှိနေတော့ ဘယ်ချိန် ဘယ်လိုဖြစ်လာမယ်ဆိုတာ မသိရဘူး။ အခုလို အိမ်ပြန်လို့ရအောင် စီစဥ်ပေးပြီး အခမဲ့ ပို့ပေးတဲ့အတွက် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးကို ကျေးဇူးတင်ပါတယ်“ ဟု အထက်ပါ နေရပ်ပြန်ရပ် တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကိုပြောသည်။

ပူတာအိုမြို့နယ်မှ စစ်ရှောင်ပြည်သူများသည်  ပြီးခဲ့သည့် မတ်လကုန်ပိုင်းတွင် ပထမဆုံးအနေဖြင့်လူဦးရေ (၁၀၀) ကျော်နေရပ်ပြန်ခဲ့ပြီး  ယခုဒုတိယအကြိမ်အနေဖြင့် လူဦးရေ (၂၂၇)ထပ်မံနေရပ်ပြန်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းကျေးရွာအနီးတစ်ဝိုက်တွင် ပြီးခဲ့သည့် ဖေဖော်ဝါလ (၁) ရက်နေ့က စတင်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် စစ်ကောင်စီတို့ အကြား တိုက်ပွဲများ ဖြစ်ပွါးခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ နီးစပ်ရာတောတောင်များနှင့် ဆွေမျိုးများထံ ထွက်ပြေး တိမ်းရှောင်ခဲ့ရခြင်း ဖြစ်သည်။

 

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...