စစ်ကောင်စီတပ်ဖွဲ့ ပြန်လည်စခန်းချ နေထိုင်သောကြောင့် လုံရှာယန်ကျေးရွာသားများ စိုးရိမ်

စစ်ကောင်စီတပ်ဖွဲ့ ပြန်လည်စခန်းချ နေထိုင်သောကြောင့် လုံရှာယန်ကျေးရွာသားများ စိုးရိမ်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ လုံရှာယန်ကျေးရွာအတွင်း စစ်ကောင်စီတပ်သားများက ဧပြီလ(၂)ရက်နေ့က စပြီး တပ်စခန်းချ ပြန်လည် စစ်ကြောင်းထိုး နေထိုင်နေသောကြောင့် ဒေသခံပြည်သူများ စိုးရိမ်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ် တပ်မ(၈၈)မှတပ်သား(၁၀၀)ဝန်းကျင်သည် လက်ရှိ ရွာအတွင်းက ပြည်သူများ၏ နေအိမ်များ၊ နှစ်ခြင်း ဘုရားကျောင်း၊ မူကြိုကျောင်း အစရှိသည့် နေရာများတွင် တပ်စခန်းချ နေထိုင်နေကြကြောင်း ဖြစ်စဉ်ကို သိရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“လုံရှာယန်မှာက တပ်မ(၈၈)တွေ ရှိနေတယ်။ ရွာက လူတွေအိမ်မှာ နေတယ်။ KBCဘုရားကျောင်းမှာရော မူကြိုကျောင်းတွေမှာရော အပြည့်ပဲ။  အထက်က အမိန့်နဲ့ လာနေတယ်ဆိုပြီး အသင်းတော်က ဆရာတွေကို ခေါ်ပြီး ပြောတယ်တဲ့“ဟု ၎င်းက ဆိုသည်။

လုံရှာယန်ကျေးရွာ ပြည်သူများအနေဖြင့် ဖေဖော်ဝါရီလ(၁)ရက်နေ့ နှစ်ဖက်တပ် တိုက်ပွဲကြောင့် တောတောင်များတွင် ထွက်ပြေးတိမ်းရှောင်နေရာမှ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG)၊ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR)နှင့် အသင်းတော်ဆရာများ၏ ညှိနှိုင်းဆွေးနွေးပေးမှုဖြင့် မတ်လ (၂၂)ရက်နေ့တွင် နေရပ်ပြန်လာကြပြီ ဖြစ်သော်လည်း လက်ရှိ စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုး ပြန်လည် ရောက်ရှိလာမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း ၎င်းက ဆက်လက်ဆိုသည်။

“ဟိုတလောက PCG‌တွေ၊ WMR၊ အသင်းတော်ဆရာတွေ အနေနဲ့ ဆွေးနွေးပေးတာတွေ ရှိ‌ပေမယ့် ခုက ပြန်ထိုးစစ်ဆင်လာကြတယ်ဆိုတော့ ဘယ်လို ပြန်ဖြစ်လာတာလဲပေါ့။ သူတို့ ဘယ်လိုတွေ ဆွေးနွေးခဲ့တာလဲ။ မေးခွန်းထုတ်စရာတွေ ရှိလာတယ်။ WMRနဲ့ အသင်းတော် ဆရာတွေလည်း ပြန်စဉ်းစားစေချင်တယ်။ ခုက စစ်ကောင်စီတပ်တွေကို နေရာ ပေးလိုက်သလို ဖြစ်လာတော့ မေးချင်လာတာပေါ့။ ကူညီပေးကြပါလို့ ပြောချင်ပါတယ်။ မနေ့ကဆို ဘုရားရှိခိုးတာတောင် အနားမှာ စစ်သားတွေနဲ့“ဟု ၎င်းက ဆိုသည်။

ယင်းအပြင် လက်ရှိ လုံရှာယန် ဘုန်းကြီးကျောင်းရှေ့တွင်လည်း ပြည်သူ့စစ်များက လမ်းသွား၊ လမ်းလာ ပြည်သူများကို စစ်ဆေးမှု တင်းကြပ်စွာ လုပ်ဆောင်နေကြကြောင်းလည်း သိရသည်။

လုံရှာယန်ဒေသခံပြည်သူများ အနေဖြင့် ပြည်သူ့စစ်မှ စစ်ဆေးမေးမြန်းခြင်းများ၊ ရွာအတွင်း စစ်သားများ ရှိနေခြင်းကြောင့် စိုးရိမ်နေကြခြင်း ဖြစ်သည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...