သထုံမြို့နယ်၊ ဓနုကျေးရွာအုပ်စု၊ မရမ်းရွာအနီးမှာ မတ်လ ၂၀ ရက်နေ့ နေ့လည်ပိုင်းက ပြည်သူအပေါ် ငွေကြေးအတင်း အဓမ္မ လိုက်လံကောက်ခံနေတဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် ၄ ဦးပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သထုံမြို့ပေါ်ကနေ မရမ်းရွာဘက်ကို ဘေးတွဲဆိုင်ကယ်နဲ့ ငွေကြေး အတင်းဓမ္မ လိုက်လံကောက်ခံဖို့လာတဲ့ သထုံမြို့ အရန်မီးသတ်တပ်ဖွဲ့က အရန်မီးသတ်တပ်စုမှူး အပါအဝင် ၄ ဦး ဟာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
"သိရတာကတော့ အရန်မီးသတ်တပ်ဖွဲ့တွေလို့ သိရတယ်။ မြို့ပေါ်ကနေ ရွာဘက်က ဆင်းပြီး လာလုပ်စားနေတယ်တဲ့။ မီးသတိပေး အကြောင်းပြပြီး ငွေကောက်ခံနေတာ သုံးလေးကြိမ်လောက်ရှိပြီလို့ သိရတယ်။ အဲဒါနဲ့ပတ်သက်ပြီး ရှင်းခံရတယ်လို့တော့ သိရတယ်။ အလောင်းတွေကိုတော့ ညနေစောင်းလောက်မှာ ပရဟိတအဖွဲ့တွေက ပြန်ကောက်သွားတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ပစ်သတ်ခံရသူတွေဟာ သထုံမြို့ပေါ်နေ အရန်မီးသတ်အဖွဲ့က တပ်စုမှူးမျိုးအောင်အပါအဝင် ၄ ဦးဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအရန်မီးသတ်တပ်ဖွဲ့ ၄ ဦးဟာ ကျေးရွာတွေမှာ အတင်းအဓမ္မငွေတွေ လိုက်လံကောက်တာတွေပြုလုပ်လာတဲ့အတွက် မိမိတို့နဲ့မဟာမိတ် အဖွဲ့တို့က ပူးပေါင်းပြီး ရှင်းလင်းလိုက်တာဖြစ်တယ်လို့ သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကျန်နေသေးတဲ့ ဌာနဆိုင်ရာတွေအနေနဲ့လည်း သတိပေးချက် မလိုက်နာရင် ဆက်လက်ရှင်းလင်းသွားမှာဖြစ်တယ်လို့ သထုံ PDF က ထုတ်ပြန်ထားပါတယ်။







