PDF တွေက ခရီးသည်တင်ကားနဲ့ ကုန်ကားတွေ မီးရှို့တယ် ဆိုတဲ့ သတင်းမှားဖြန့်

PDF တွေက ခရီးသည်တင်ကားနဲ့ ကုန်ကားတွေ မီးရှို့တယ် ဆိုတဲ့ သတင်းမှားဖြန့်

မြ၀တီ-ကော့ကရိတ်သွား အာရှလမ်းသစ်တွင် KKO (ခွဲထွက်) နဲ့ PDF တွေက ခရီးသည်တင်ကားတွေနဲ့ ကုန်တင် ကားတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းပို့စ်တစ်ခုကို Nang Moh Moh Akari ဆိုသူ Facebook အကောင့် ပိုင်ရှင် မတ်လ ၁၄ ရက်နေ့တွင် ရေးတင်ထားပါတယ်။

“KKO (ခွဲထွက်) အဖွဲ့ နှင့် PDF အကြမ်းဖက်သမားများက ခရီးသည်တင် မော်တော်ယာဉ်များနှင့် ကုန်တင် ယာဉ် များအား မီးရှို့ဖျက်ဆီး” ဆိုတဲ့ခေါင်းစဉ်နဲ့ Nang Moh Moh Akari ဆိုသူက ရေးတင်ထားတာကို တွေ့ရပါတယ်။

Nang Moh Moh Akari က “KKO (ခွဲထွက်) အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပါဝင်သော ပူးပေါင်းအဖွဲ့ က မတ်လ ၁၂ ရက်မှာ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းသစ်အတိုင်း မောင်းနှင်လာတဲ့ ၁၀ ဘီးယာဉ် ၁ စီးအား လည်းကောင်း...  မြဝတီမှရန်ကုန်သို့ ပြေးဆွဲနေတဲ့ ရွှေစင်စင်္ကြာခရီးသည်တင် မော်တော်ယာဉ် ၁ စီးနှင့် ၂၂ ဘီး ယာဉ် ၁ စီးတို့အားလည်းကောင်း...လက်နက်ငယ်များဖြင့် ပစ်ခတ်ရပ်တန့်စေပြီး မော်တော်ယာဉ်များအား မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ တော်တော် လမ်းမှားရောက်နေကြပါပြီ။ စိတ်မကောင်းစရာပဲ” (မူရင်းအရေးအသား) ဆိုပြီး ရေးသားထားပါတယ်။

အဆိုပါ ရေးသားမှုဟာ မခိုင်မာတဲ့ စွပ်စွဲချက်တစ်ခုဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ မတ်လ ၁၂ ရက်နေ့က မြ၀တီ-ကော့ကရိတ် အာရှလမ်းသစ်မှာ ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေ မီးရှို့ခံခဲ့ရတာ မှန်ပေမယ့် အဲဒီကားတွေကို မီးရှို့ခဲတာဟာ ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်း က ဖြစ်တယ်ဆိုတာကို မသိရသေးလို့ပဲဖြစ်ပါတယ်။

ကားမီးလောင်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေရဲ့ သတင်းထုတ်လွှင့်ချက်တွေကို ကြည့်မယ် ဆိုရင်လည်း KKO(ခွဲထွက်) နဲ့ PDF တွေက ကားတွေကို မီးရှို့ခဲ့တာပါလို့ ရေးသားထားတာ မတွေ့ရ သလို စစ်ကောင်စီတပ်က မီးရှို့ခဲ့တာပါဆိုပြီး ယတိပြတ်ပြောဆို ရေးသားထားတာလည်း မတွေ့ရပါဘူး။

မြ၀တီ-ကော့ကရိတ် အာရှလမ်းသစ်တွင် ကားမီးလောင်မှုနဲ့ ပတ်သက်ပြီး Mizzima သတင်းဌာနရဲ့ သတင်း ရေး သားချက် https://bit.ly/3w87Caj RFA သတင်းဌာရဲ့ ရေးသားချက် https://bit.ly/3q9700w VOA သတင်းဌာနရဲ့ သတင်းရေးသားချက် https://bit.ly/3KKdPNS DVB သတင်းဌာနရဲ့ သတင်းရေးသားချက် https://bit.ly/3u62H7r KIC သတင်းဌာနရဲ့ သတင်းရေးသားချက် https://bit.ly/3KN4btN စတဲ့ သတင်း ဌာန တွေရဲ့ သတင်းရေးသားချက်တွေကို လင့်အသီးသီးမှာ ဝင်ကြည့်လို့ရပါတယ်။

အဆိုပါသတင်းနှင့် ပတ်သက်ပြီး “KKO (ခွဲထွက်)အဖွဲနှင့် PDF အမည်ခံ အကြမ်းဖက် သမားများက ကော့က ရိတ်မြို့နယ်၊ တတန့်ကူးကျေးရွာအနီးရှိ မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်၌ သွားလာနေသည့် ခရီးသည်တင် မော် တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား မီးရှိဖျက်ဆီး” ဆိုတဲ့ ခေါင်းစဉ်နဲ့ မတ်လ ၁၂ ရက်နေ့တုန်းက စစ် ကောင်စီ လက်အောက်ခံ MRTV ရုပ်သံကလည်း ဒေသခံတွေ၊ အနီးအနားဝန်းကျင်က လူတွေကို တစ်စုံတစ်ရာ မေးမြန်းတာမျိုး မရှိပဲ ဝါဒဖြန့် သတင်းထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်အတိုင်း Eleven Media ကလည်း “မြဝတီ-ကော့ကရိတ် အာရှ လမ်းသစ်ပေါ်တွင် သွားလာလျက်ရှိသည့် ခရီးသည်တင်မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များကို လက်နက် ငယ်များဖြင့်ပစ်ခတ်၍ မီးရှို့ဖျက်ဆီးခံရဟု နစက ထုတ်ပြန်” ဆိုတဲ့ခေါင်းစဉ်နဲ့ မတ်လ ၁၅ ရက်နေ့မှ သတင်း ထုတ်ထားပါတယ်။

ပြီးတော့  တစ်ဖက်က Nang Moh Moh Akari ဆိုသူရဲ့ ရေးသားမှုကို ကြည့်မယ်ဆိုရင်လည်း မြေပြင်မှာ တကယ် ဖြစ်ခဲ့တဲ့ သတင်းအချက်အလက်တွေကို အခြေခံထားတာ မဟုတ်ပဲ စစ်ကောင်စီကို တော်လှန် တိုက်ခိုက် နေတဲ့ အဖွဲ့အစည်းတွေကို နစ်နာအောင် ပုတ်ခတ်ရေးသားထားတာတဲ့ ဝါဒဖြန့် ရေးသားမှုအဖြစ် တွေ့ရပါတယ်။

ဒါကြောင့် အချက်အလက်တွေကို ခြုံပြီး ကြည့်လိုက်တဲ့အခါမှာ Nang Moh Moh Akari ဆိုသူရဲ့ ရေးသားမှုဟာ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုမှုနဲ့ မကိုက်ညီတဲ့အပြင် တစ်ဖက် အဖွဲ့အစည်း တွေ ကို ထိခိုက်နစ်နာအောင် တစ်ဖက်သတ် ဝါဒဖြန့် ရေးသားထားတဲ့ မခိုင်လုံတဲ့ ဝါဒဖြန့် သတင်းဖြစ်တယ် ဆိုတာကို စိစစ်တွေရှိ ရပါတယ်။

လက်ရှိနိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ တော်လှန်ရေးကာလမှာ ဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေ အနေနဲ့ PDF တွေကို ပြည်သူတွေ အထင်အမြင်မှားအောင်၊ မထောက်ပံ့ မကူညီအောင်၊ အားမပေးအောင်၊ ကြောက်လန့် အောင် မဟုတ်မမှန် သတင်းစကားတွေကို  ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့် ထုတ်လွှင့် ဖြန့်ဝေနေတာကို တွေ့ရှိရပါ တယ်။

ဒါ့အပြင် သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/ သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီး ရေးသားပြီး တော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

ဒါကြောင့် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြ တော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့ လိုပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...