ချင်းမိုင်တွင် မစ္စတာဆာဆာကာဝါနှင့် KNU၊ RCSS၊ KNPP တို့ တွေ့ဆုံ

ချင်းမိုင်တွင် မစ္စတာဆာဆာကာဝါနှင့် KNU၊ RCSS၊ KNPP တို့ တွေ့ဆုံ
မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ (Internet)
မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ (Internet)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်  ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA)၊ ကရင်နီတိုးတက်ရေးပါတီ (KNPP) တို့ မတ်လ ၁၀ ရက်တွင် တွေ့ဆုံခဲ့ကြသည်။

ယင်းတွေ့ဆုံပွဲကို မစ္စတာဆာဆာကာဝါနှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး နှင့် သော်လည်းကောင်း၊ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်နှင့် သော်လည်းကောင်း၊ KNPP ဥက္ကဋ္ဌ ခူဦးရယ်နှင့် သော်လည်းကောင်း သီးခြားစီ တွေ့ဆုံခဲ့ကြသည်။

KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက လေးကေ့ကော်မြို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အခြေအနေများကိစ္စ သွားရောက်တွေ့ဆုံခြင်း ဟု ယူဆကြောင်း ပြောသည်။

၎င်းက “ဟုတ်ပါတယ် ခင်ဗျာ၊ ကျနော်တို့ သိရသလောက်ကတော့ အထူးသဖြင့် ဒီလေးကေ့ကော် မြို့သစ်နဲ့ ပတ်သက်ပြီး‌ တော့ ဒီမြို့သစ် ဖြစ်ပေါ်လာရေးအတွက် ကျ‌နော်တို့ဥက္ကဋ္ဌ ကိုယ်တိုင်က ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းနဲ့ လက်တွဲပြီးတော့ အဲမှာ မြို့သစ်ပန္နက်ချခဲ့တယ်၊ သူတို့ကိုယ်တိုင် ဦးစီးဦးဆောင် လုပ်ပြီးတော့ပေါ့နော်။ နောက် တစ်ချက်က ဘာလဲဒီမြို့ပြ ကုန်ကျစရိတ်အားလုံးကို ထောက်ပံ့ပေးပြီးတော့ ကုန်ကျစရိတ်ကို တာဝန်ခံတဲ့ အဖွဲ့အစည်းက တော့ နိပွန်ဖောင်ဒေးရှင်း ဖြစ်တယ်၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ အခု မစ္စတာဆာဆာကာဝါပဲ ဖြစ်ပါတယ်။ အဲတာကြောင့်မို့လို့ အခုလက်ရှိ အခုဖြစ်ပေါ်နေတဲ့ လေးကေ့ကော်မြို့ရဲ့ အခြေအနေနဲ့ ဒီစစ်ဆင်ရေးကိစ္စကို မြို့ကြီးက လုံးဝ မြို့ပျက်လို ဖြစ်သွား တဲ့ အပေါ်မှာတော့ အဲကိစ္စနဲ့ သွားပြီး‌တော့ တွေ့တယ်ပြောတာပဲ၊ ဖြစ်လိမ့်မယ်လို့ ကျနော်တို့ ယူဆပါတယ်။ တခြားကိစ္စတွေ ကျ‌နော်တို့ ဘာမှ မသိရဘူး”ဟု ပြောသည်။

လေးကေ့ကော်မြို့နှင့် ပတ်သက်၍ ဆွေးနွေးရန်ရှိသည်သာ သိရှိရသေးကြောင်း၊ တခြား နိုင်ငံရေးကိစ္စနှင့် ပတ်သက်၍ ‌ဆွေးနွေးခြင်း ရှိ/မရှိကို မိမိအနေဖြင့် မသိရှိရသေးကြောင်း ပဒိုစောတောနီးက ပြောသည်။

မစ္စတာ ဆာဆာကာဝါနှင့် တွေ့ဆုံကြသည်မှာ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ KNU ကာကွယ်ရေးဌာန အကြီးအကဲ ဗိုလ်မှူးချုပ် စောရော်ဂျာခင်တို့ ပါဝင်ကြောင်း၊ ထို့အတူ KNPP ဥက္ကဋ္ဌ ခူဦးရယ်၊ အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်၊ ကရင်နီအရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့မှ နယ်နဲပလိုးတို့နှင့် နံနက်ပိုင်းက တွေ့ဆုံခဲ့ကြသည်။

မွန်းလွဲ ၁ နာရီမှာ ဂျပန်အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါနှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်၊ ဗိုလ်မှူးကြီး စိုင်းငင်းတို့နှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် တွေ့ဆုံခဲ့ကြသည်။

မစ္စတာ ဆာဆာကာဝါသည် မြန်မာနိုင်ငံသို့ မတ်လ ၂၀ ရက်နေ့တွင် လာရောက်မည်ဖြစ်ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမှာ ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာ့နိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ပေး နေသူလည်း ဖြစ်သည်။

မစ္စတာ ဆာဆာကာဝါသည် ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့  ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလအထိ ၂ နှစ် ကျော် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ရပ်တန့်နိုင်ရေးကို ကြားဝင် စေ့စပ်ပေးခဲ့သည့် သံတမန် တစ်ဦး ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ အတွင်းကလည်း မစ္စတာ ဆာဆာကာဝါသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး  စစ်တွေမြို့ မှာ ရခိုင်အမျိုးသားပါတီ (ANP)နှင့်သော်လည်းကောင်း၊ ရန်ကုန်မြို့တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ပြည်သူ့ပါတီ (PP)တို့နှင့် သော်လည်းကောင်း တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...