PDF တွေက ဆရာမ တစ်ဦးကို နှိပ်စက်တယ်ဆိုပြီး သတင်းမှားဖြန့်

PDF တွေက ဆရာမ တစ်ဦးကို နှိပ်စက်တယ်ဆိုပြီး သတင်းမှားဖြန့်

Non-CDM ဆရာမတစ်ဦးရဲ့ လည်ပင်းကို ကြိုးချည်ပြီး တော်လှန်ရေးသမားတွေက ရိုက်တယ်ဆိုတဲ့ သတင်းပို့စ် တစ်ခုကို Nang Moh Moh Akari (နန်းမို့မို့ဧကရီ) ဆိုသူ Facebook အကောင့်ပိုင်ရှင်က ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ ညနေ ၃ နာရီ ၄၂ မိနစ်မှာ ရေးတင်ထားပါတယ်။

ပြောက်ကျားအင်္ကျီဝတ်စုံ ဝတ်ဆင်ထားတဲ့ လူတွေက အမျိုးသမီးကြီး တစ်ဦးရဲ့ လည်ပင်းမှာ ကြိုးချည်ပြီး ရိုက် နေတဲ့ ဓာတ်ပုံတစ်ပုံကို အသုံးပြုကာ စာတွေနဲ့တွဲပြီး Nang Moh Moh Akari  က ရေးတင်ထားတာ ဖြစ်ပါတယ်။

Nang Moh Moh Akari က “Non- CDM ဆရာမတစ်ဦး လည်းပင်ကြိုးချည်ပီရိုတ်တာ တော်လှန်းရေးလား? မသိ လို့နော် မေးကြည့်တာ? ဓမ္မဆိုတာ ဒါလား? ပြည်သူကိုကာကွယ်မှာဆိုတာကကော?” (မူရင်းအရေးအသားအ တိုင်း) ဆိုပြီး ရေးတင်ထားပါတယ်။

အဆိုပါရေးသားမှုတွေဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ Nang Moh Moh Akari  ဆိုသူ အသုံးပြုထားတဲ့ ဓာတ်ပုံဟာ အခုဖြစ်ပျက်နေတဲ့ အဖြစ်အ ပျက် မဟုတ်သလို တော်လှန်ရေးအဖွဲ့တွေက Non – CDM ဆရာမကို ရိုက်နှက် အပြစ်ပေးနေတဲ့ အဖြစ်အပျက် အကြောင်းအရာ မဟုတ်လို့ပဲ ဖြစ်ပါတယ်။

Nang Moh Moh Akari ဆိုသူက ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇွန်လက ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက မူးယစ် ဆေးဝါး ရောင်းဝယ်နေတဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိပြီး ရိုက်နှက်အပြစ်ပေးနေတဲ့ ရုပ်သံကို ဓာတ်ပုံ screenshot ရယူကာ စာတွေနဲ့တွဲပြီး ရေးတင်ထားတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက မူးယစ်ဆေးဝါး ရောင်းဝယ်နေတဲ့ အမျိုးသမီး တစ်ဦးအား ရိုက်နှက် အပြစ်ပေးနေတဲ့ ရုပ်သံကို ဒီမှာ https://bit.ly/3BHwg2p တွေ့နိုင်ပါတယ်။

အဲဒီရုပ်သံကိုပဲ Youtube Channel တစ်ခုဖြစ်တဲ့ Top Myanmar Channel ကလည်း Non CDM ဝန်ထမ်း ဆရာမ ကို PDF က လည်ပင်းကြိုးချည်ပြီး အနိုင်ကျင့်နှိပ်စက်နေတာပါ ဆိုပြီး လိမ်ညာ ရေးသားကာ ဝါဒဖြန့်ချင်တဲ့ သဘောနဲ့  ရုပ်သံကို တင်ထားတာကိုလည်း တွေ့ရ ပြန်ပါတယ်။

PDF တပ်ဖွဲ့တွေ မရှိသေးတဲ့ ၂၀၁၇ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုကို PDF တွေက လုပ်ပါတယ်ဆိုပြီး အခုဖြစ်နေ သယောင် ရေးသားထားတာ ဟာလည်း ဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့တွေဟာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှသာ အမျိုးသားညီညွတ် ရေး အစိုးရ NUG ရဲ့ ကမကထ ပြုမှုကြောင့် ပေါ်ထွက်လာတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်လို့ပဲဖြစ် ပါ တယ်။

ဒါကြောင့် အချက်အလက်အားလုံးကို ခြုံကြည့်လိုက်တဲ့အခါမှာ Nang Moh Moh Akari ဆိုသူက ဓာတ်ပုံနဲ့အ တူ တွဲတင်ထားတဲ့ စာတွေဟာ သတင်းအချက်အလက် အမှန်တွေမဟုတ်ပဲ အမှားတွေ ဖြစ်နေသလို Top Myanmar Youtube Channel က တင်ထားတဲ့ ရုပ်သံနဲ့ စာတွေဟာလည်း သတင်းအမှား ဖြစ်တယ်ဆိုတာကို စိစစ် တွေ့ရှိရပါတယ်။

Nang Moh Moh Akari ဆိုသူ Facebook အကောင့်ပိုင်ရှင်ရဲ့ သတင်းကို ထပ်ဆင့်ဖြန့်ဝေသူ ၇၀ အထိ ရှိနေပြီး သဘောထား မှတ်ချက်ပေးသူနဲ့ ကြိုက်နှစ်သက်သူတွေလည်း တော်တော်များများ ရှိနေတာကို တွေ့ရပါတယ်။

သတင်းအမှား ဖြန့်ဝေသူတွေ အနေနဲ့ PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေကို ပြည်သူတွေ အထင်အမြင်မှားအောင်၊ မထောက်ပံ့ မကူညီအောင်၊ အားမပေးအောင်၊ ကြောက်လန့်အောင် မဟုတ်မမှန် သတင်းစကားတွေကို  ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့် ထုတ်လွှင့် ဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။

လက်ရှိကာလမှာ သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/ သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီး ရေးသားပြီးတော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်းအမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

 

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...