စစ်တွေ-ပေါက်တောပြေးဆွဲနေသည့် ပေါက်တောတံခွန်အမြန်ရေယာဉ် အရှုံးပေါ်၍ ရပ်နား

စစ်တွေ-ပေါက်တောပြေးဆွဲနေသည့် ပေါက်တောတံခွန်အမြန်ရေယာဉ် အရှုံးပေါ်၍ ရပ်နား

စစ်တွေ-ပေါက်တောသို့ ပြေးဆွဲနေသည့် ပေါက်တောတံခွန်အမြန်ရေယာဉ်မှာ အရှုံးပေါ်သဖြင့် ခရီးစဉ်ပြေးဆွဲမှုကို ယခုလအတွင်းရပ်နားလိုက်ရသည်ဟု ရေယာဉ်ပိုင်ရှင် ဦးရွှေဖော်သူက DMG သို့ပြောသည်။

စစ်တွေ-ပေါက်တောခရီးစဉ်ကို ပေါက်တောတံခွန်နှင့် ရွှေပြည်တန်အမြန်ရေယာဉ်နှစ်စီးတို့က ပြေးဆွဲလျက်ရှိသည်။ လက်ရှိ ပေါက်တောတံခွန်အမြန်ရေယာဉ်ရပ်နားလိုက်ရခြင်းမှာ ဆီစျေးမြင့်တက်ခြင်း၊ အမြန်ရေယာဉ်နှစ်စီးဖြစ်နေသောကြောင့် ခရီးသည်လျှော့နည်းခြင်းတို့ကြောင့် အရှုံးပေါ်သဖြင့်ရပ်နားရခြင်းဟု ဦးရွှေဖော်သူက ဆိုသည်။

“အမြန်ယာဉ်ထွက်တာနှစ်စီးရှိတယ်။ ခရီးသည်က တစ်စီးစာလောက်ပဲရှိတယ်။ ဆီဈေးကလည်းမြင့်တော့ အရှုံးများတယ်။ လစဉ်လစဉ်ရှုံးနေတယ်။ ကျနော်တို့သင်္ဘောထောင်ပြီးတော့ ရွှေပြည်တန်က နောက်ထပ်တစ်ချိန်ထပ်ဆွဲတယ်။ သင်္ဘောတစ်စီးမှာခရီးသည် အသွားတစ်ရာ၊ အပြန်တစ်ရာပါရင်အဆင်ပြေတယ်။ သူတို့ကနောက်ထပ်တစ်ချိန် ထပ်တိုးဆွဲလိုက်တော့ ခရီးသည်ကမျှသွားတယ်၊ သင်္ဘောသုံးစီးလိုမျိုးဖြစ်သွားတယ်”ဟု ၄င်းကပြောသည်။

အရှုံးပေါ်နေသည့် ပေါက်တောတံခွန်ရေယာဉ်သည် မည်သည့်အချိန်တွင် ပြန်လည်ပြေးဆွဲမည်ကို အတိအကျမပြောနိုင်သေးကြောင်း ဦးရွှေဖော်သူက ဆက်ပြောသည်။

လက်ရှိတွင် ပေါက်တောတံခွန် အမြန်ရေယာဉ်မထွက်သောကြောင့် ရွှေပြည်တန်ရေယာဉ်ပေါ်တွင် ခရီးသည်စီးနင်းမှုများပြားလျက်ရှိနေသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်လည်း ခရီးသည် ၂၀၀ ကျော်ခန့်လိုက်ပါစီးနင်းခဲ့သည်။ ထိုသို့များပြားစွာတင်ဆောင်မှုကြောင့် တစ်စုံတစ်ရာအန္တရာယ်ဖြစ်မည်ကို စိုးရိမ်မိသည်ဟု ခရီးသည်တစ်ဦးကပြောသည်။

“လူအများကြီးတင်တာကိုစောင့်ရင် အချိန်ပုံမှန်မဖြစ်မှာလည်းစိုးရိမ်တယ်။ နောက်ပြီးအန္တရာယ်တော်တော်များတယ်။ ရေလမ်းခရီးကိုအားကိုးပြီးရွှေပြည်တန်နဲ့သွားကြတာ။ ဒီလိုလူအများကြီးတင်ရင် အန္တရာယ်ဖြစ်မှာကိုစိုးရိမ်ရတယ်”ဟု အမည်မဖော်လိုသည့် ပေါက်တောဒေသခံတစ်ဦးကဆိုသည်။

စစ်တွေ-ပေါက်တောပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ်ပေါ်တွင် ပုံမှန်ဆိုလျှင် လူ ၁၉၅ ဦးတင်ဆောင်ပြီး ပေါက်တောတံခွန်အမြန်ရေယာဉ်ရပ်နားပြီးနောက် လူ ၂၁၀ ကျော်စီးနင်းလိုက်ပါသည့်နေ့များရှိကြောင်း ရွှေပြည်တန်စစ်တွေရုံးမှ စာရေးတစ်ဦးကပြောသည်။

ရွှေပြည်တန်အမြန်ရေယာဉ်ပိုင်ရှင် ဦးစံမော်သိန်းကလည်း “ပွဲရက်တွေမှာဆိုရင် တစ်ခါတစ်လေခရီးသည်များတယ်။ ပေါက်တောတံခွန်မထွက်တော့ ဒီရက်တွေမှာခရီးသည်များလာတယ်။ လက်ရှိကျနော်တို့နှစ်စီးဆွဲနေတယ်။ ခရီးသည်တွေများလာရင်တော့သင်္ဘောတိုးပေးရမလား၊ တစ်ခုခုလုပ်ပေးဖို့စီစဉ်နေတယ်”ဟု ပြောသည်။

လက်ရှိအရှုံးပေါ်၍ရပ်တန့်လိုက်ရသည့် ပေါက်တောတံခွန်ရေယာဉ်သည် ၂၀၁၆ ခုနှစ်မှစတင်ကာ ပြေးဆွဲနေခြင်းဖြစ်သည်ဟု သိရသည်။

ပုံစာ - စစ်တွေ-ပေါက်တောပြေးဆွဲနေသည့် ပေါက်တောတံခွန်ရေယာဉ်အား တွေ့ရစဉ်။ (ဓါတ်ပုံ - ပေါက်တောတံခွန် Facebook)

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...