အာဏာသိမ်းစစ်အုပ်စုအပေါ် အီးယူက ဒဏ်ခတ်အရေးယူမှုအသစ်များ ထပ်မံချမှတ်

အာဏာသိမ်းစစ်အုပ်စုအပေါ် အီးယူက ဒဏ်ခတ်အရေးယူမှုအသစ်များ ထပ်မံချမှတ်

ဥရောပသမဂ္ဂ (အီးယူ) သည် မြန်မာအာဏာသိမ်းစစ်အုပ်စုမှ တာဝန်ရှိသူလူပုဂ္ဂိုလ် ၂၂ ဦးနှင့် စစ်အုပ်စုနှင့်ဆက်စပ်ကုမ္ပဏီ လေးခုတို့အပေါ် ဒဏ်ခတ်အရေးယူမှုအသစ်များ ဖေဖေါ်ဝါရီ ၂၁ ရက်တွင် ထပ်မံချမှတ်လိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ယမန်နှစ် အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်အုပ်စု၏ ဖြိုခွင်းနှိမ်နင်းမှုများ ဆက်ရှိနေမှုနှင့်ပတ်သက်ပြီး အီးယူက ယခုကဲ့သို့ ဒဏ်ခတ်အရေးယူမှုများ ထပ်မံလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယခု ဒဏ်ခတ်အရေးယူမှုအသစ်များ ချမှတ်ခြင်းနှင့်အတူ အီးယူသည် ၂၀၂၁ ဖေဖေါ်ဝါရီ မြန်မာစစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအာဏာသိမ်းစစ်အုပ်စုမှ လူပုဂ္ဂိုလ် ၆၅ ဦးအထိကို ပိုင်ဆိုင်မှုထိန်းချုပ်ခြင်း၊ ခရီးသွားလာမှု ပိတ်ပင်ခြင်းတို့ဖြင့် ပစ်မှတ်ထားဒဏ်ခတ်အရေးယူထားပြီး ဖြစ်သလို လုပ်ငန်းကုမ္ပဏီ ၁၀ ခုအထိကိုလည်း ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ထားပြီးဖြစ်သည်။

ယခု နောက်ဆုံး အသစ်ချမှတ်လိုက်သည့် အီးယူ၏ ဒဏ်ခတ်အရေးယူမှုစာရင်းတွင် အာဏာသိမ်းစစ်ကောင်စီခန့် ရင်းနှီးမြှုပ်နှံမှု၊ စက်မှု နှင့် ပြန်ကြားရေးဌာနတို့မှ ဝန်ကြီးများ၊ ရွေးကောက်ပွဲ ကော်မရှင်မှ အရာရှိများ၊ စစ်တပ်၏ အဆင့်မြင့်အရာရှိများ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် လုပ်ငန်းကုမ္ပဏီ လေးခုလည်း ယခု အီးယူ၏ ဒဏ်ခတ်အရေးယူမှုစာရင်းတွင် ပါဝင်ကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်လက်အရှိန်မြင့်နေတာ၊ ဒေသတွင်း ဂယက်ရိုက်ခတ်မှုတွေနဲ့အတူ ရှည်လျားတဲ့ ပဋိပက္ခတစ်ခုဆီ ဦးတည်ဖြစ်ပေါ်နေတာတို့နဲ့ပတ်သက်လို့ အီးယူအနေနဲ့ အထူးတလည် စိုးရိမ်ပူပန်မိပါတယ်” ဟု အီးယူက ထုတ်ပြန်ချက်တွင် ပြောသည်။ “စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေတွေဟာ ဆက်လက်ပြီး ယိုယွင်းဆိုးရွားနေပါတယ်” ဟုလည်း ယင်းအဖွဲ့က ပြောသည်။

ထို့ပြင် တိုက်ခိုက်မှုအားလုံး ချက်ချင်း ရပ်ဆိုင်းရန်၊ အင်အားအချိုးအစား မမျှမတ အသုံးပြုမှုနှင့် အရေးပေါ်အခြေအနေ ကြေညာမှုကို အဆုံးသတ်ရန် ယင်းက မြန်မာစစ်အုပ်စုကို ထပ်လောင်း တောင်းဆိုခဲ့သည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...