ရခိုင်ပြည်တွင် မျိုးရိုးဗီဇပြောင်းအိုမီခရွန် ကိုဗစ်ပိုးကူးစက်ခံထားရသူ ၉ ဦးစစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့(ဖေဖော်ဝါရီ ၁၈ ရက်)တွင် သိရသည်။
ဖေဖေါ်ဝါရီလ ၁၅ ရက်တွင် စစ်တွေတက္ကသိုလ်မှ ဝန်ထမ်း ၅၀ ကျော်နှင့် လေယာဉ်စီးခရီးသည် ၁၀ ကျော်တို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောကြားထားသည်။
အဆိုပါပိုးတွေ့ရှိသူများထဲမှ ၉ ဦး၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ်တို့ကို အိုမီခရွန်ဟုတ်/မဟုတ်သိရှိရန် ရန်ကုန်သို့ပို့ဆောင်စစ်ဆေးစဉ် မျိုးရိုးဗီဇပြောင်းအိုမီခရွန်ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အိုမီခရွန်ကိုဗစ်ရောဂါပိုးကူးစက်ခံရမှု ရခိုင်တွင် စတင်တွေ့ရှိမှုနှင့်ပတ်သက်၍ ဒေါက်တာစိုးဝင်းပိုင်က “အဲဒီနေ့က (ဖေဖော်ဝါရီ ၁၅ ရက်) စစ်တွေတက္ကသိုလ်ကဝန်ထမ်း ၄ဦးနဲ့ လေယာဉ်စီးခရီးသည် ၅ ဦးတို့ရဲ့ နှာခေါင်းနဲ့အာခေါင်တို့ဖတ်တွေကို ရန်ကုန်ကိုပို့ဆောင်ပြီး စစ်ဆေးစေတယ်။ အဲဒီလို ပို့ဆောင်စစ်ဆေးတဲ့အခါမှာ သူတို့မှာ အိုမီခရွန်ကိုဗစ်ရောဂါပိုးကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်”ဟု DMG သို့ အတည်ပြုပြောကြားသည်။







