မင်းပြားတွင် မိုင်းပေါက်ကွဲပြီး သေဆုံးသည့်ရုပ်အလောင်း သုံးရက်အကြာမှ ရှာတွေ့

မင်းပြားတွင် မိုင်းပေါက်ကွဲပြီး သေဆုံးသည့်ရုပ်အလောင်း သုံးရက်အကြာမှ ရှာတွေ့

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည့် မင်းပြားမြို့နယ်၊ သလူချောင်းကျေးရွာအနီး မင်းဖူးတောင်တန်းပေါ်တွင် မိုင်းပေါက်ကွဲမှုကြောင့်သေဆုံးသွားသည့် ဒေသခံတစ်ဦး၏ရုပ်အလောင်းကို ယမန်နေ့(ဖေဖော်ဝါရီလ ၁၀ ရက်နေ့)တွင် တွေ့ရှိခဲ့သည်။

သေဆုံးသူမှာ သလူချောင်းကျေးရွာနေ အသက်(၅၅)နှစ်အရွယ် ဦးမောင်သန်းထွန်းဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့က မင်းဖူးတောင်ပေါ်သို့ ထင်းခုတ်ရန်သွားစဉ် မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားခြင်းဖြစ်သည်။ ယင်းနေ့တွင် ပေါက်ကွဲသံသုံးကြိမ်ကြားလိုက်ရသောကြောင့် ညနေပိုင်းတွင် ရွာသူ၊ရွာသားများစုပေါင်းပြီး မင်းဖူးတောင်တန်းသို့သွားရောက်ရှာဖွေခဲ့သော်လည်း ရှာမတွေ့ခဲ့ကြပေ။

ထို့ကြောင့် ယမန်နေ့ထပ်မံရှာဖွေရာတွင် နေ့လယ်ပိုင်းတွင် သေဆုံးနေသည့်ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သလူချောင်းကျေးရွာအုပ်ချုပ်ရေးမှူးက ဦးမောင်လှက DMG သို့ပြောသည်။

ဒေသခံအမျိုးသမီးတစ်ဦးက “သူ့ကိုတွေ့တော့တွေ့တယ်။ ခေါင်းတစ်ခြားခြေတစ်ခြား တစ်ကွဲတစ်ပြားစီဖြစ်သွားတယ်။ အဲဒီမိုင်းပေါက်တဲ့နေရာမှာ တိုက်ပွဲတွေသိပ်ဖြစ်ခဲ့တယ်”ဟု ပြောသည်။

ဦးမောင်သန်းထွန်းအပါအဝင် သလူချောင်းဒေသခံများသည် တောတောင်ကိုမှီခိုပြီး လုပ်ကိုင်စားသောက်နေရသူများဖြစ်သည်။ ကျေးရွာအနီးတောင်တန်းများတွင် ယခင် ၂၀၁၉၊ ၂၀၂၀ ခုနှစ်များက မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ထို့ကြောင့် မိုင်းအန္တရာယ်များနှင့် စစ်ကျန်လက်နက်များ၏အန္တရာယ်ကိုစိုးရိမ်၍ ဒေသခံများမှာ တောတောင်များကို မသွားရဲကြပေ။

သို့သော် ဒေသခံများမှာ တောတောင်ကိုမှီခိုပြီး ဟင်းရှာ၊ ထင်းခုတ်အလုပ်လုပ်များဖြင့်သာ အသက်မွေးကျောင်းပြုလုပ်နေရသဖြင့် တောတောင်ကို မဖြစ်မနေသွားလာနေရသည်။ ယခင်က တပ်စခန်းများမချခဲ့သည့်နေရာများသို့သွားရောက်ပြီး ဟင်းရှာ၊ထင်းခုတ်ကြသော်လည်း ရှားပါးလာမှုကြောင့် ယခုမိုင်းပေါက်ကွဲမှုဖြစ်ပေါ်သည့်နေရာအနီးတစ်ဝိုက်သို့ သွားရောက်နေကြရသည်ဟု သလူချောင်းကျေးရွာအုပ်ချုပ်ရေးမှူးက ဦးမောင်လှကပြောသည်။

“သလူချောင်းရွာသားတွေဟာ ဆင်းရဲသူဆင်းရဲသားတွေဖြစ်တယ်။ တောတောင်ကိုမှီခိုပြီး လုပ်ကိုင်စားသောက်နေကြတာ။ ဆိုတော့ တောတောင်မှာ မိုင်းတွေလည်းရှိသေးတော့ လုပ်စားရတာအခက်အခဲလေးတွေဖြစ်တယ်။ အစတုန်းကတော့ စစ်သားတွေတပ်ချလို့နေခဲ့တဲ့နေရာကို မသွားဘဲ အဝေးတစ်နေရာကိုသွားကြတယ်။ အဲဒီနေရာတွေမှာရှာဖွေလို့မရတော့ သူတို့နေခဲ့တဲ့နေရာတွေကို မသွားရဲသွားရဲသွားပြီးတော့ လုပ်ကိုင်စားသောက်နေကြရတာ။ အဲဒီလိုမသွားရင်လည်း လုပ်စားမယ့်နေရာမရှိတော့ဘူး”ဟု ၄င်းကဆိုသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာအနီးသို့ ထင်းခုတ်ရန်သွားရောက်သည့် လူငယ် ၃ ဦး စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိသွားကြသည်။

အလားတူ ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ရွာသစ် (ပလုံတောကျေးရွာ)တွင် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် မွတ်ဆလင်ကလေးငယ်နှစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...