အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး လက်ရှိတာဝန်မှ နုတ်ထွက်ပေးရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ ဖားအံမြို့နယ်က ယနေ့ ဖေဖော်ဝါရီလ ၈ရက်နေ့တွင် သတိပေးစာထုတ်ပြန်ကြေညာလိုက်သည်။
၎င်းထုတ်ပြန်ချက်တွင် ကေအဲန်ယူ-သထုံခရိုင်၊ ဖားအံမြို့နယ်၊ တပ်ရင်း ၁ ထိန်းချုပ်နယ်မြေအတွင်း နယ်ခြားစောင့်တပ် BGF နှင့် ပြည်သူ့စစ် (ပသစ)များ မိမိလက်ရှိ လုပ်ငန်းတာဝန်မှ ထွက်ပေးရန်နှင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်၊ လက်ရှိဖြစ်ပွားနေသော အခြေအနေအရ (BGF) တပ်စခန်းတွင်နေထိုင်နေသော မိသားစုဝင်အားလုံးသည် ၎င်းစခန်းအတွင်းမှ ထွက်ခွာပေးရန် နှင့် ဖားအံမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော အရပ်ဖက် ဌာနဆိုင်ရာဝန်ထမ်းများအားလုံး မိမိလက်ရှိ လုပ်ငန်းတာဝန်မှ နုတ်ထွက်ပေးရန် စသည့် အချက် ၃ ချက် ပါဝင်သည်။
အဆိုပါ သတိပေး ထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဖြစ်လာမည့် ပြဿနာများကို တာဝန်ယူမှာမဟုတ်ကြောင်းလည်း ကေအဲန်ယူ-သထုံခရိုင် လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။







