နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့်တွေ့ခွင့်ရရေး မိသားစုဝင်တောင်းဆို

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့်တွေ့ခွင့်ရရေး မိသားစုဝင်တောင်းဆို

နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ အဂတိလိုက်စားမှုတို့ဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရပြီး လက်ရှိတွင်လည်း တခြားပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် တွေ့ခွင့်ရရှိရေးအတွက် မိသားစုဝင်များက တောင်းဆိုလိုက်သည်။

“သွားတွေ့ခွင့် ရမလားတော့မပြောတတ်သေးဘူး။ တောင်းဆိုကြည့်မယ်လို့တော့ လုပ်ထားတုန်းပဲပေါ့။ သူတို့ခွင့်ပြုမလား၊ မပြုဘူးလားတော့ မပြောတတ်သေးဘူး။ အခုအချိန်ထိတော့ ဘယ်အချိန်မှ မတွေ့ရသေးဘူး။ အသက်ကကြီးနေပြီဆိုတော့ ကျန်းမာရေးကိုတော့ အဓိကစိုးရိမ်တယ်”ဟု ဦးညီပု၏ သမီး မကြည်ကြည်ဦးက DMG သို့ပြောသည်။

ဦးညီပုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းသည့်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နှစ်ရက်အကြာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ထားခဲ့သည်။ ယင်းကာလတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးကိစ္စများပါဝင်သည့် ရုပ်သံဖိုင်တစ်ခုကို ၄င်း၏လူမှုကွန်ရက်ပေါ်တွင်ထုတ်လွှင့်ခဲ့ရာမှ ဖမ်းဆီးတရားစွဲဆိုမှုကို ခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် ဦးညီပုသည် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံထားရပြီး အဂတိလိုက်စားမှုပုဒ်မသုံးခုဖြင့်လည်း ထောင်ဒဏ်(၉)နှစ် ချမှတ်ခံထားရသည်။

ထို့ပြင် ဦးညီပုကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်နှင့်အတူ ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မများဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ-၁၃၀(က)ဖြင့်လည်း တရားစွဲဆိုထားသည်။ ဦးမင်းအောင်ကိုမူ ယင်းပုဒ်မအပြင် ရာဇာသတ်ကြီးဥပဒေပုဒ်မ-၁၀၉ ဖြင့် ထပ်တိုးစွဲထားသည်။

ယနေ့တွင် ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားသည့်အမှုနှင့်ပတ်သက်ပြီး စစ်တွေအကျဉ်းထောင်ရှိ အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ရာ တရားလိုဖြစ်သည့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ထွဋ်ကို စစ်ဆေးခဲ့သည်။

“တရားလိုကို ဒီနေ့စစ်ဆေးပါတယ်။ တရားလိုကို တစ်ဖက်က ဥပဒေအရာရှိက ထွက်ဆိုချက်တွေမှတ်တမ်းတင်ပြီး စစ်ဆေးတယ်။ စစ်တဲ့နေရာကတော့ ထောင်ဧရိယာထဲမှာရှိတဲ့ အရင်က အဂတိအမှုကိုစစ်တဲ့နေရာ။ အဲဒီတရားခွင်၊ အထူးတရားရုံးမှာပါပဲ”ဟု အမှုလိုက်ပါဆောင်ရွက်နေသည့် အထက်တန်းရှေ့နေ ဦးဝင်းအောင်က ပြောသည်။

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ(၅၅)ဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြည်နယ်တရားရုံးမှ ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့သည်။

ယင်းသို့ချမှတ်ရာတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ဘဏ္ဍာ၊အခွန်၊စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ကို အလုပ်နှင့်ထောင်ဒဏ် ၉ နှစ်စီ ချမှတ်ခဲ့သည်။

ထို့ပြင် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်ကို အလုပ်နှင့်ထောင်ဒဏ် ၇ နှစ်၊ စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့်သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်ကို အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့သည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...