ဘူးသီးတောင်မြို့နယ်တွင် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအသတ်ခံရမှု အမှုမှန်ပေါ်ပေါက်စေရန် မိသားစုတောင်းဆို

ဘူးသီးတောင်မြို့နယ်တွင် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအသတ်ခံရမှု အမှုမှန်ပေါ်ပေါက်စေရန် မိသားစုတောင်းဆို

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင်(မွတ်ဆလင်)ကျေးရွာမှ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအသတ်ခံရပြီး သေဆုံးသွားခြင်းနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရန် မိသားစုဝင်များကလိုလားနေကြသည်။

သေဆုံးသွားသည့်မိန်းကလေးငယ်မှာ ဆင်သေပြင်ကျေးရွာမှ အသက် ၁၀ နှစ်အရွယ် မဇာနှုကာဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နေ့နံနက်ပိုင်းက နေအိမ်မှ ရွာအပြင်ကိုဆော့ကစားရန် ထွက်သွားရာမှ ၎င်းမိန်းကလေးငယ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် မိသားစုဝင်များက နီးစပ်ရာသို့လိုက်လံရှာဖွေကြရာ ညနေ ၆ နာရီအချိန်တွင် ကျေးရွာအရှေ့ဖက်ရှိဥယျာဉ်၌ ဒဏ်ရာအသီးသီးဖြင့်သေဆုံးနေသည့် မိန်းကလေးငယ်၏ရုပ်အလောင်းကိုတွေ့ရှိခဲ့သည်ဟု မိသားစုဝင်တစ်ဦးကပြောသည်။

“ရွှေနားကပ်နှစ်ဖက်ပါသွားတယ်။ လည်ပင်းမှာလည်း လက်နဲ့ ညှစ်ထားတဲ့ဒဏ်ရာနဲ့ လက်နှစ်ဖက်မှာလည်း နွယ်ကြိုးနဲ့ချည်ထားတဲ့ ဒဏ်ရာတွေပါတယ်။ ပါးစပ်မှာလည်း သွားနဲ့ကိုက်ထားတဲ့ ဒဏ်ရာတွေပါတယ်။ ပထမတော့ အဝတ်နဲ့ဖိနပ်ကို အရင်တွေ့တယ်။ ပြီးမှ အောက်ပိုင်းမှာအဝတ်မပါတဲ့ အလောင်းကိုတွေ့တာပါ“ဟု သေဆုံးသူမိန်းကလေး၏ ဦးလေးဖြစ်သူက DMG သို့ပြောသည်။

သေဆုံးသွားသည့်မိန်းကလေးငယ်မှာ အဓမ္မကျူးလွန်ခံရခြင်း ဟုတ်၊မဟုတ်ကို မိသားစုဝင်များအနေဖြင့် အတည်မပြုနိုင်သေးကြောင်း ပြောဆိုကြသည်။

လက်ရှိတွင် ကျူးလွန်သည့်တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးပါ။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)နှင့် ဘူးသီးတောင်မြို့နယ်ရဲစခန်းကိုတိုင်ကြားထားကာ အမှုမှန်အမြန်ဆုံးဖော်ထုတ်စေလိုကြောင်း ဖခင်ဖြစ်သူ ဦးမာမတ်တလင်ကပြောသည်။

“ကျနော်တို့သမီး အခုလိုသေဆုံးသွားတာဟာ မတရားသေဆုံးသွားတာလို့ပြောချင်တယ်။ အဲဒါနဲ့ပတ်သက်ပြီး အမှုမှန်ကိုလိုချင်ပါတယ်။ အေအေကိုလည်း ဒီအကြောင်းနဲ့ပတ်သက်ပြီး တိုင်ကြားထားပါတယ်။ အမှုမှန်မပေါ်ဘဲ ဒီအတိုင်းထားလိုက်လို့ရှိရင် တခြားအမျိုးသမီးငယ်တွေအတွက်လည်း အန္တရာယ်ဖြစ်နိုင်ပါတယ်”ဟု ၄င်းကဆိုသည်။

သေဆုံးသွားသည့်ရုပ်အလောင်းကို ဘူးသီးတောင်ဆေးရုံသို့ ပေးပို့ဆေးစစ်ခဲ့သော်လည်း စစ်ဆေးချက်အားမရရှိခဲ့ကြောင်း မိသားစုဝင်များကပြောဆိုကြသည်။ အမျိုးသမီးငယ်၏ရုပ်အလောင်းကို ဇန်နဝါရီ ၂၉ ရက်နေ့ညနေက မီးသဂြိုလ်ခဲ့ကြောင်း သိရသည်။

ဆေးစစ်ချက်နှင့်ပတ်သက်၍ ဘူးသီးတောင်မြို့နယ်ဆေးရုံမှ မြို့နယ်ဆရာဝန် ဒေါက်တာစိုးမင်းသိန်းကို DMG မှ ဆက်သွယ်မေးမြန်းကြည့်ရာတွင် ၎င်းက“ကျနော်တို့ဟာ ဆေးစစ်ဆေးချက်ကိုတရားရုံးမှာပဲဖြေဆိုခွင့်ရှိတယ်။ မည်သည့်ဆရာဝန်မဆို တရားရေးဌာနကိုပဲ ဖြေဆိုခွင့်ရှိတယ်။ ဒါကကျနော်တို့ရဲ့ကျင့်ဝတ်ပဲဖြစ်တယ်။ အခုဆေးစစ်ဆေးချက်ကိုလည်း ကျနော်တို့အနေနဲ့ မဖြေဆိုနိုင်ပါဘူး။ ၂၉ ရက်‌နေ့ကရောက်လာတယ်ဆိုတာကတော့ အတည်ပြုပေးနိုင်ပါတယ်။ ဆေးစစ်ဆေးချက်ကိုတော့ ကျနော်တို့အနေနဲ့ ဖြေဆိုခွင့်မရှိပါဘူး”ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မိသားစုဝင်မှ လာရောက်တိုင်ကြားထား၍ ရာဇသတ်ကြီးပုဒ်မ- ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး အမှုမှန်ပေါ်ပေါက်ရန်ဆောင်ရွက်ထားသည်ဟု ဘူးသီးတောင်မြို့နယ် အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲအုပ်စိုးဝင်းကပြောသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...