ဘူးသီးတောင်မြို့နယ်တွင် ပစ်ခတ်သံများကြောင့် ဒေသခံများစိုးရိမ်

ဘူးသီးတောင်မြို့နယ်တွင် ပစ်ခတ်သံများကြောင့် ဒေသခံများစိုးရိမ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ င/ကျည်းထောင့်ကျေးရွာအနီးတွင် ယနေ့(ဇန်နဝါရီလ ၂၉ ရက်) နံနက် ၉ နာရီကျော်အချိန်က သေနတ်ပစ်ခတ်သံများကြားရသဖြင့် ဒေသခံများစိုးရိမ်မှုမြင့်တက်နေကြကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်၊ သပြေတောကျေးရွာ၏ မြောက်ဘက် ၃ မိုင်ခန့်အကွာရှိ င/ကျည်းထောင့်ရွာအနီးတွင် ထိုသို့သေနတ်ပစ်ခတ်သံများကြားရခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဒေသခံများအနေဖြင့် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတစ်ကျော့ပြန်ဖြစ်ပွားမည်ကိုစိုးရိမ်ကြောင်း သပြေတောကျေးရွာမှ ကိုထွန်းထွန်းက DMG သို့ပြောသည်။

“ပစ်ခတ်သံကတော့ ၃ ကြိမ်ကြားရတယ်။ ဘာဖြစ်လို့ပစ်တယ်ဆိုတာတော့ကျွန်တော်တို့မသိဘူး။ အဲဒီဖက်မှာ စစ်တပ်တွေရှိတယ်။ သူတို့က မကြာခဏလက်နက်တွေပစ်တာတွေရှိတယ်။ ကျွန်တော်တို့ကတော့ တိုက်ပွဲဖြစ်မှာကိုးစိုးရိမ်တယ်”ဟု ၎င်းကဆိုသည်။

တိုက်ပွဲဖြစ်ပွားလျှင် ဒေသခံများ အသက်အန္တရာယ်ခြိမ်းခြောက်ခံရနိုင်သကဲ့သို့ လမ်းပန်းဆက်သွယ်ရေးလည်းခက်ခဲနိုင်သဖြင့် စားဝတ်နေရေးအပေါ် သက်ရောက်ရှိလာမည်ဟု ဒေသခံတို့က ယူဆကြသည်။

ထိုသို့ပစ်ခတ်သံကြားရခြင်းမှာ မှန်ကန်ပြီး မည်သည့်အတွက်ကြောင့်ပစ်ခတ်သည်ကိုမူ မသိရကြောင်း မောင်တောမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းက DMG သို့ပြောသည်။

“ပစ်ခတ်သံတွေတော့ ကြားရတယ်။ ဘာဖြစ်လို့ပစ်တယ်ဆိုတာတော့မသိဘူး။ အဲဒီဖက်မှာတော့ စစ်တပ်တွေရှိတယ်။ သူတို့ကတော့လက်နက်စမ်းတာတွေရှိတယ်”ဟု ၄င်းကဆိုသည်။

အဆိုပါပစ်ခတ်မှုမှာ မည်သည့်အတွက်ကြောင့် ပစ်ခတ်သည်ကို DMG က သီးခြားအတည်မပြုနိုင်သေးပါ။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို DMG က ဖုန်းဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ တုန့်ပြန်မှုမရရှိခဲ့ပါ။ အလားတူ ရက္ခိုင့်တပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပါ။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ လွန်ခဲ့သည့် ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလပထမပတ်တွင် နားလည်မှုသဘောဖြင့် အပစ်အခတ်ရပ်တန့်ခဲ့သည်။ သို့သော်လည်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် မောင်တောမြို့နယ်မြောက်ပိုင်း၌ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် နှစ်ဖက်တိုက်ပွဲများရပ်တန့်နေသော်လည်း စစ်ရေးတင်းမာမှုများရှိနေသည်။ ရက္ခိုင့်တပ်တော်ဘက်ကလည်း ပြည်နယ်တွင်း သြဇာပိုမိုကြီးထွားလာအောင်ကြိုးပမ်းနေပြီး စစ်ကောင်စီဘက်ကလည်း တစ်ရွာဝင်တစ်ရွာထွက်ကာ AA နှင့်မပတ်သက်ကြရန် သတိပေးမှုများရှိသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...