ဘူးသီးတောင်မြို့နယ်တွင် ပစ်ခတ်သံများကြောင့် ဒေသခံများစိုးရိမ်

ဘူးသီးတောင်မြို့နယ်တွင် ပစ်ခတ်သံများကြောင့် ဒေသခံများစိုးရိမ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ င/ကျည်းထောင့်ကျေးရွာအနီးတွင် ယနေ့(ဇန်နဝါရီလ ၂၉ ရက်) နံနက် ၉ နာရီကျော်အချိန်က သေနတ်ပစ်ခတ်သံများကြားရသဖြင့် ဒေသခံများစိုးရိမ်မှုမြင့်တက်နေကြကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်၊ သပြေတောကျေးရွာ၏ မြောက်ဘက် ၃ မိုင်ခန့်အကွာရှိ င/ကျည်းထောင့်ရွာအနီးတွင် ထိုသို့သေနတ်ပစ်ခတ်သံများကြားရခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဒေသခံများအနေဖြင့် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတစ်ကျော့ပြန်ဖြစ်ပွားမည်ကိုစိုးရိမ်ကြောင်း သပြေတောကျေးရွာမှ ကိုထွန်းထွန်းက DMG သို့ပြောသည်။

“ပစ်ခတ်သံကတော့ ၃ ကြိမ်ကြားရတယ်။ ဘာဖြစ်လို့ပစ်တယ်ဆိုတာတော့ကျွန်တော်တို့မသိဘူး။ အဲဒီဖက်မှာ စစ်တပ်တွေရှိတယ်။ သူတို့က မကြာခဏလက်နက်တွေပစ်တာတွေရှိတယ်။ ကျွန်တော်တို့ကတော့ တိုက်ပွဲဖြစ်မှာကိုးစိုးရိမ်တယ်”ဟု ၎င်းကဆိုသည်။

တိုက်ပွဲဖြစ်ပွားလျှင် ဒေသခံများ အသက်အန္တရာယ်ခြိမ်းခြောက်ခံရနိုင်သကဲ့သို့ လမ်းပန်းဆက်သွယ်ရေးလည်းခက်ခဲနိုင်သဖြင့် စားဝတ်နေရေးအပေါ် သက်ရောက်ရှိလာမည်ဟု ဒေသခံတို့က ယူဆကြသည်။

ထိုသို့ပစ်ခတ်သံကြားရခြင်းမှာ မှန်ကန်ပြီး မည်သည့်အတွက်ကြောင့်ပစ်ခတ်သည်ကိုမူ မသိရကြောင်း မောင်တောမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းက DMG သို့ပြောသည်။

“ပစ်ခတ်သံတွေတော့ ကြားရတယ်။ ဘာဖြစ်လို့ပစ်တယ်ဆိုတာတော့မသိဘူး။ အဲဒီဖက်မှာတော့ စစ်တပ်တွေရှိတယ်။ သူတို့ကတော့လက်နက်စမ်းတာတွေရှိတယ်”ဟု ၄င်းကဆိုသည်။

အဆိုပါပစ်ခတ်မှုမှာ မည်သည့်အတွက်ကြောင့် ပစ်ခတ်သည်ကို DMG က သီးခြားအတည်မပြုနိုင်သေးပါ။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို DMG က ဖုန်းဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ တုန့်ပြန်မှုမရရှိခဲ့ပါ။ အလားတူ ရက္ခိုင့်တပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပါ။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ လွန်ခဲ့သည့် ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလပထမပတ်တွင် နားလည်မှုသဘောဖြင့် အပစ်အခတ်ရပ်တန့်ခဲ့သည်။ သို့သော်လည်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် မောင်တောမြို့နယ်မြောက်ပိုင်း၌ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် နှစ်ဖက်တိုက်ပွဲများရပ်တန့်နေသော်လည်း စစ်ရေးတင်းမာမှုများရှိနေသည်။ ရက္ခိုင့်တပ်တော်ဘက်ကလည်း ပြည်နယ်တွင်း သြဇာပိုမိုကြီးထွားလာအောင်ကြိုးပမ်းနေပြီး စစ်ကောင်စီဘက်ကလည်း တစ်ရွာဝင်တစ်ရွာထွက်ကာ AA နှင့်မပတ်သက်ကြရန် သတိပေးမှုများရှိသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...