ဂွမြို့နယ်အတွင်း တရားမဝင်သစ်ထုတ်ယူမှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေ

ဂွမြို့နယ်အတွင်း တရားမဝင်သစ်ထုတ်ယူမှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ဘဝင်ချောင်းကျေးရွာအုပ်စုအတွင်း တရားမဝင်သစ်ထုတ်ယူမှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေသည်ကို ဒေသခံများပြောဆိုချက်နှင့် DMG မှ ရရှိထားသည့် အထောက်အထားမှတ်တမ်းများအရ သိရသည်။

တရားမဝင်သစ်ထုတ်ယူနေသူများသည် ဘဝင်ချောင်းကျေးရွာအတွင်းက ခရင်ချောင်းကျေးရွာအနီးတွင် ယာယီတဲများဆောက်လုပ်ကာ သစ်များကိုခုတ်ယူကြပြီး ဘတ်ထိုးဖြင့်လမ်းဖောက်ကာ သစ်များကိုသယ်ယူကြသည်ဟု ဒေသခံများကပြောသည်။

အဆိုပါနေရာတွင် လက်ကိုင်လွှစက်(ချိန်းဆော)များအသုံးပြုကာ လူအင်အားငါးဆယ်ခန့်မှ သစ်များကိုထုတ်ယူနေကြပြီး သစ်တန်ချိန် ရာနှင့်ချီထုတ်ယူလျှက်ရှိကြောင်း ခရင်ချောင်းကျေးရွာမှ ဒေသခေါင်းဆောင် ဦးလှကြာက ပြောသည်။

“ကျွန်တော်တို့ ဒေသခံတွေပြောလို့သွားကြည့်တဲ့အခါ တောထဲက ပထမနေရာမှာ လူခြောက်ယောက်နေနိုင်တဲ့ စခန်းငါးခုကိုတွေ့ခဲ့တယ်။ သစ်ပုံတွေကိုလည်းတွေ့ခဲ့တယ်။ နောက်တစ်နေရာမှာတော့ စခန်းကိုးခုကိုတွေ့ခဲ့တယ်။ စခန်းကိုးခုမှာရှိတဲ့လူတွေနဲ့ စကားသွားပြောကြည့်တော့ သူတို့အနေနဲ့ သစ်တန်ချိန်တစ်ရာကျော်လောက် အပြင်ကိုထုတ်ပြီးပြီလို့သိခဲ့ရပါတယ်”ဟု ၎င်းက DMG ကိုပြောသည်။

လက်ရှိတွင် သစ်တန်ချိန်နှစ်ရာနှင့်အထက်ကို အသင့်ရောင်းချနိုင်သည့် သစ်များ(ပုံတုံး)အဖြစ် လွှစက်ဖြင့်ခွဲခြမ်းထားပြီဖြစ်ကာ မခွဲခြမ်းရသေးသည့်သစ်များပါဝင်မည်ဆိုပါက သစ်တန်ချိန်ထောင်နှင့်ချီကာရှိနိုင်ကြောင်း ဦးလှကြာက ရှင်းပြသည်။

“သူတို့က သစ်တွေကိုအမျိုးအစားမခွဲပဲ သေးသေးကြီးကြီး အကုန်လှဲပြီးတော့ ချိန်းဆောနဲ့ဖြတ်ထုတ်နေကြတာ။ အခုသူတို့ ထိုးပြီးသားသစ်တွေရယ်၊ ထုတ်ပြီးသားသစ်ရယ်၊ မထိုးရသေးပဲ ပင်စည်အတိုင်းကျန်သေးတဲ့သစ်တွေရယ် အားလုံးပေါင်းရင်တော့ တန်တစ်ထောင်ဝန်းကျင်လောက်ရှိနိုင်ပါတယ်”ဟု ၎င်းက ခန့်မှန်းပြောဆိုသည်။

ခရင်ချောင်းကျေးရွာမှာ လမ်းပန်းဆက်သွယ်ရေးအရ ဝေးလံခေါင်သီသည့်နေရာတွင်တည်ရှိပြီး ဒေသခံအများစုမှာ သစ်တောများကိုအမှီပြုကာ ကညင်ဆီထုတ်ယူခြင်း၊ ပျားဖွတ်ခြင်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသူများဖြစ်သည်။

လက်ရှိမှာ သစ်ပင်များကိုခုတ်လှဲနေခြင်းကြောင့် ဒေသခံများအလုပ်အကိုင်အဆင်မပြေဘဲ စားဝတ်နေရေးအခက်တွေ့နေကြောင်း ခရင်ချောင်းဒေသခံ ဦးမောင်ဝင်းကပြောသည်။

“ကျွန်တော်တို့တွေက ဒီတောတောင်မှာလုပ်ကိုင်စားနေရတာပါ။ အခုသစ်ပင်တွေမရှိတော့ ကျွန်တော်တို့မှာ ထင်းခုတ်ပြီးရောင်းစားရတော့မယ့်အခြေအနေကိုရောက်သွားပါပြီ။ ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ဒီအပေါ်မှာ သေသေချာချာကိုင်တွယ်ဆောင်ရွက်ပေးစေချင်ပါတယ်”ဟု ၎င်းကဆိုသည်။

သစ်ထုတ်ယူမှုများကြောင့် တောအတွင်းနေထိုင်သော တောဆင်ရိုင်းများမှာလည်း ရွာအနီးသို့ မကြာခဏရောက်ရှိလာသဖြင့် အထိတ်တလန့်ဖြစ်နေရကြောင်း ဒေသခံများကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဂွမြို့နယ်၊ ကျိန္တလီမြို့ သစ်တောဦးစီးဌာနမှ တောအုပ်ဦးသိန်းနိုင်အား DMG မှ ဆက်သွယ်မေးမြန်းခဲ့ရာတွင် တိုင်ကြားမှုများရရှိပါက တက်နိုင်သလောက် လိုက်လံဖမ်းဆီးမှုများလုပ်ဆောင်နေကြောင်းနှင့် လက်ရှိတွင် ဝေးလံသောနေရာများသို့မရောက်နိုင်သေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...