ဘင်္ဘောဆိုက်ကပ်ရန်တံတားမရှိသဖြင့် ရသေ့တောင် အုတ်ဖိုဆိပ်ကမ်းတွင် ခရီးသည်များအခက်အခဲဖြစ်နေ

ဘင်္ဘောဆိုက်ကပ်ရန်တံတားမရှိသဖြင့် ရသေ့တောင် အုတ်ဖိုဆိပ်ကမ်းတွင် ခရီးသည်များအခက်အခဲဖြစ်နေ

စစ်တွေ-ဘူးသီးတောင်ရေကြောင်းလမ်းပေါ်ရှိ ရသေ့တောင်မြို့နယ်၊ အုတ်ဖို(အိုးဖောက်)ကျေးရွာတွင် သင်္ဘောများဆိုက်ကပ်ရန် ဆိပ်ခံတံတားမရှိသဖြင့် သင်္ဘောများနှင့် အမြန်ရေယာဉ်တို့မှာ မယူမြစ်လယ်တွင်ရပ်နားကာ ခရီးသည်နှင့်ကုန်ပစ္စည်းများကို အချအတင်ပြုလုပ်နေရသည်။

အဆိုပါကျေးရွာတွင် ယခင်ကဆိပ်ခံတံတားရှိခဲ့သော်လည်း မြစ်ရေတိုက်စားမှုကြောင့်ပျက်စီးသွားသည်မှာ အချိန်တစ်နှစ်ကျော်ကြာသည့်တိုင် ပြန်လည်တည်ဆောက်ခြင်းမရှိသဖြင့် ဒေသခံခရီးသည်များ အခက်အခဲဖြစ်နေရခြင်းဖြစ်သည်။

အုတ်ဖိုကျေးရွာအုပ်ချုပ်ရေးမှူး ဦကျော်ခိုင်က “သင်္ဘောနဲ့ အမြန်ယာဉ်တွေကို ရေလမ်းကြောင်းခရီးနဲ့ သွားလာနေရတာဆိုတော့ မိုးရာသီလှိုင်းတွေထတဲ့အခါ ကုတိုးသည်တွေကလည်း အဆင်မပြေဘူး။ တစ်ဖက်မှာလည်း ခရီးသည်တွေက အမြန်ယာဉ်ဆီကိုသွားတဲ့အခါ ကုတိုးခတစ်ယောက်ကို တစ်ထောင်ကျပ်ပေးရတယ်။ အဲဒီမှာခရီးသည်တွေအတွက် လှိုင်းကြီးတဲ့အချိန်ဆိုရင် ကလေးတွေနဲ့ ဝန်ထုပ်ဝန်ပိုးတွေကိုချရတာလည်း အခက်အခဲ များစွာရှိတယ်”ဟု ၎င်းကပြောသည်။

ယင်းသို့ပျက်စီးနေသည့်ဆိပ်ခံတံတားကို ပြုလုပ်ပေးရန်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ထံတင်ပြထားပြီး ဆိပ်ကမ်းပြုလုပ်ပေးရန်အစီအစဉ် ကျနေသည်ဟုသာကြားသိရကြောင်း ဦးကျော်ခိုင်က ရှင်းပြသည်။

ယင်းသို့ဆိပ်ခံတံတားမရှိခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို DMG ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဖုန်းစက်ပိတ်ထားသဖြင့် အဆက်အသွယ်မရရှိခဲ့ပေ။

ဆိပ်ခံတံတားမရှိသောကြောင့် ခရီးသည်များ အချိန်ကြန့်ကြာမှုနှင့် ငွေကြေးပိုမိုကုန်ကျမှုများရှိနေကြသည်။ ယင်းကြောင့် အဆိုပါဆိပ်ကမ်းတွင် လှေ၊ သင်္ဘောများ အဆင်ပြေစွာဆိုက်ကပ်နိုင်ရေးနှင် ခရီးသည်တို့ သွားလာရေးအဆင်ပြေစေရန်အတွက် ဆိပ်ခံတံတားအသစ်တစ်ခု အမြန်ဆုံးပြုလုပ်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

ယင်းဆိပ်ကမ်းကိုမှီခိုအားထားနေရသည့် ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာမှ ကိုထွန်းငြိမ်လှိုင်က “ဖောင်တော်(ဆိပ်ခံတံတား)ရှိရင်တော့ အရမ်းကောင်းတာပေါ့။ ဖောင်တော်ရှိရင် ခရီးသည်တွေ သွားလာရတာအဆင်ပြေတယ်။ စစ်တွေကိုဖြစ်ဖြစ်၊ ရသေ့တောင်ကိုပဲဖြစ်ဖြစ် ကျနော်တို့ အဲဒီဆိပ်ကမ်းကနေသွားရတာ”ဟု ပြောသည်။

ထိုသို့ မြစ်ထဲမှ သင်္ဘောမှနေ၍ ကူးတို့လှေငယ်ဖြင့် ကမ်းသို့သွားလာနေရခြင်းကြောင့် ခရီးသွားကိုယ်ဝန်သည်များ၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအတွက် အသက်အန္တရာယ်စိုးရိမ်ရသည့်အနေအထားတွင်ရှိနေကြာင်းလည်း ဒေသခံကိုထွန်းငြိမ်းလှိုင်ကဆိုသည်။

အုတ်ဖိုကျေးရွာသည် ရသေ့တာင်မြောက်ပိုင်းတွင်တည်ရှိကာ ထိုဆိပ်ကမ်းကို အနီးအနားရှိ ရသေ့တောင်မြို့နယ် ကံဆိပ်၊ ဇေယျာမြိုင်၊ သမီးလှ၊ ရက်ခုန်းတိုင်နှင့် ဘူးသီးတောင်မြို့နယ် ခွဆုံ၊ စပါးထား၊ စေတီတောင် စသည့်ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံ ခရီးသည်တို့ အတက်အဆင်းပြုလုပ်ကာ စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင်စသည့်မြို့များသို့ ကူးသန်းသွားလာနေကြခြင်းလည်းဖြစ်သည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...