ရခိုင်ရှိ တိုက်နယ်ဆေးရုံများတွင် ဆရာဝန်များချထားပေးရေး ဒေသခံများလိုလားနေ

ရခိုင်ရှိ တိုက်နယ်ဆေးရုံများတွင် ဆရာဝန်များချထားပေးရေး ဒေသခံများလိုလားနေ

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အချို့ရှိ တိုက်နယ်ဆေးရုံများတွင် ဆရာဝန်မရှိခြင်းကြောင့် ပြည်သူများကျန်းမာရေးကဏ္ဍတွင် အခက်အခဲများစွာရှိနေသည့်အတွက် ဆရာဝန်ခန့်အပ်ချထားပေးရန် ဒေသခံများကလိုလားနေကြသည်။

ရသေ့တောင်မြို့နယ် မိုးစဲကျွန်း၊ ဦးဂါကျေးရွာရှိ ဦးဂါတိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသည်မှာ နှစ်နှစ်ကျော်ခန့်ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

ဆေးရုံစတင်ဖွင့်လှစ်သည့် ၂၀၂၀ ခုနှစ်မှစ၍ သူနာပြုများနှင့်သာ ဆေးရုံကိုလည်ပတ်နေရပြီး ယခုအချိန်ထိ တိုက်နယ်ဆေးရုံသို့ ဆရာဝန်မရောက်ရှိနိုင်သေးခြင်းဖြစ်သည်။ ထို့ကြောင့် ဆေးကုသမှုခံယူရာတွင် အခက်အခဲများစွာရှိပြီး ဆရာဝန်တစ်ဦးအမြန်ဆုံးချထားပေးရန် ဒေသခံများကတောင်းဆိုကြသည်။

“ဆေးရုံမှာဆရာဝန်မရှိရင် လူနာတွေကလည်းလာမပြကြဘူး။ ဆေးရုံလည်ပတ်မှုကအားနည်းတယ်။ တခြားဘက် ကူတောင်တိုက်နယ်ဆေးရုံကိုပဲသွားပြကြတယ်။ ကူတောင်တိုက်နယ်ဆေးရုံက ဟိုဘက်ရသေ့တောင်ကျွန်း အစွန်ဘက်ဖြစ်နေပြီး လမ်းကြမ်းတော့ ပြင်းထန်တဲ့ဝေဒနာသည်တွေအတွက်ဆို ခက်ခဲမှုတွေရှိတယ်။ ဒါကြောင့် တိုက်နယ်ဆရာဝန်တစ်ယောက် အမြန်ဆုံးရအောင်ကြိုးစားပေးစေချင်ပါတယ်”ဟု ဦးဂါကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှအောင်စံက DMG ကိုပြောသည်။

ယင်းအပြင် မြောက်ဦးမြို့နယ်၊ တိန်ညိုတိုက်နယ်ဆေးရုံတွင်လည်း ဆရာဝန်မရှိသည်မှာ သုံးလကြာမြင့်နေပြီဖြစ်ပြီး အရေးကြီးလူနာများက မြောက်ဦး၊ ကျောက်တော်နှင့် စစ်တွေမြို့များသို့ သွားရောက်ကာ ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံများက DMG သို့ပြောသည်။

တိမ်ညိုကျေးရွာသား ဦးစောလှက“အခက်အခဲတွေကတော့ ဆေးရုံမှာက လူနာတွေမရောက်တော့ဘူး။ နာ့စ်မတွေဆီကတော့ သာမန်ကိစ္စဆိုတော့ဆေးယူကြတယ်။ ဆရာဝန်မရှိတဲ့အတွက် ကုသမှုပိုင်းမှာအဆင်မပြေပါ။ တခြားနေရာကိုသွားနေရတယ်”ဟု ပြောသည်။

ထိုနည်းတူစွာ ရမ်းဗြဲမြို့နယ်၊ စကုကျွန်းရှိ င/မောက်ချောင်းတိုက်နယ်ဆေးရုံတွင်လည်း ၂၀၁၉ ခုနှစ်မှစ၍ ဆရာဝန်မရှိခဲ့ဘဲ ၂၀၂၁ ခုနှစ်တွင် ရောက်ရှိလာသည့်ဆရာဝန်မှာလည်း တစ်လကျော်သာ တာဝန်ထမ်းဆောင်ခဲ့ရပြီး လက်ရှိအချိန်တွင် ဆရာဝန်မရှိသေးဟု ဒေသခံများထံမှသိရသည်။

ထိုသို့ဆေးရုံများတွင် ဆရာဝန်မရှိခြင်းကြောင့် ဒေသခံများအခက်အခဲဖြစ်နေသည့်ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ထံသို့ DMG က ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းတို့အနေဖြင့် ပြည်သူ့ကျန်းမာရေးဘက်မှဖြစ်နေသည့်အတွက် ကုသရေးဌာနသို့ဆက်သွယ်မေးမြန်းရန်သာ အကြောင်းပြန်သည်။

ယင်းကြောင့် ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဌာနမှူး ဒေါက်တာကြည်လွင်ထံသို့ DMG က ဆက်သွယ်မေးမြန်းရာတွင် ယင်းကိစ္စအခြေအနေတို့အား အထက်သို့တင်ပြထားကြောင်း ဆိုသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...