ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလန်သွားနေခွင့်ရဖို့ တောင်းဆိုတယ်လို့ သတင်းမှားဖြန့်

ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလန်သွားနေခွင့်ရဖို့ တောင်းဆိုတယ်လို့ သတင်းမှားဖြန့်

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်က သားတွေရှိတဲ့ အင်္ဂလန်နိုင်ငံကို အပြီး ပြန်လိုတဲ့အတွက် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တောင်းဆိုတယ်ဆိုတဲ့ သတင်းတစ်ခုကို နီပိန်းငှက် နီပိန်းငှက် ဆိုတဲ့ Facebook အကောင့် ပိုင်ရှင်က ဇန္နဝါရီလ ၄ ရက်နေ့ ည ၆ နာရီ ၅ မိနစ်မှာ တင်ထားတာကို တွေ့ရပါ တယ်။

နီပိန်းငှက် နီပိန်းငှက် ဆိုသူက 7 Day News Journal ရဲ့ ဓာတ်ပုံနဲ့ သတင်းခေါင်းစဉ်ကို အသုံးပြုပြီး “တိုင်းပြည်ကို ဘက်ပေါင်း စုံကနေ ဖျက်ဆီးလို့ဝတော့မှ ရှောင်ပြေးဖို့ မကြိုးစားနဲ့ မတင်ရွှေ ယုတ်မာတဲ့ လုပ်ရပ်တွေတွက် နောင်တမလွန်ထိ ပြန်ပေးဆပ်ဖို့ စဉ်းစားထားပေတော့ ဒေါ်ရွှေမိရေ” လို့  ရေးသားထားပါတယ်။

7 Day News Journal ဓာတ်ပုံထဲမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံ စကားပြောနေကြပြီး သတင်းခေါင်းစဉ်ကတော့ “သားများရှိရာ အင်္ဂလန်နိုင်ငံသို့ အပီးပြန်လိုကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဒေါ်အောင်ဆန်းစုကြည် တောင်းဆို” ဆိုပြီး တွေ့ရပါတယ်။

နီပိန်းငှက် နီပိန်းငှက် ဆိုသူ တင်ထားတဲ့ 7 Day News Journal ရဲ့ ဓာတ်ပုံနဲ့ ရေးသားထားတဲ့ သတင်း ခေါင်းစဉ် ပါ အကြောင်းအရာတွေဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ 7 Day သတင်းဌာနဟာ စစ်အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လက စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေး ဝန်ကြီးဌာနက ပိတ်သိမ်းဖို့ ထုတ်ပြန်ထားတဲ့ သတင်းဌာနစာရင်းထဲမှာ ပါဝင်ခဲ့ပြီး အဲ့ဒီကတည်းက သတင်းထုတ်ဝေမှုတွေကို ရပ်နားထားတဲ့ သတင်းဌာနတစ်ခု ဖြစ်လို့ပဲဖြစ်ပါတယ်။

ပြီးတော့  7 Day News Journal ရဲ့ ဓာတ်ပုံအတုနဲ့ သတင်းခေါင်းစဉ်အမှားဟာ လူမှုကွန်ရက်ပေါ်မှာ အခုမှ ပြန့်နေ တာ မဟုတ်ပဲ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ကတည်း သတင်းအမှား ဖြန့်ဝေသူတွေက ဖြန့်ဝေထား တာကို တွေ့ရပါတယ်။

အဲဒီကတည်းက ပြန့်နေတဲ့ 7 Day News Journal ရဲ့ ဓာတ်ပုံအတုနဲ့ သတင်းခေါင်းစဉ်ဟာ သတင်းအမှားဖြစ် တယ်ဆိုတာကို DVB Fact Check အဖွဲ့က ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က အချက်အလက် စိစစ်ပြီး သတင်း ရေးသားထားကို ဒီမှာ https://bit.ly/3fhztvg တွေ့နိုင်ပါတယ်။

ထို့အတူ မိဇ္ဈိမ သတင်းဌာနရဲ့ သတင်းအမှားတိုက်ဖျက်ရေးအဖွဲ့ကလည်း ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က အချက်အလက် စိစစ်ပြီး ထုတ်ပြန်ထားတဲ့ ရုပ်သံသတင်းကို ဒီမှာ https://bit.ly/34P9j0X ဝင်ကြည့်နိုင်ပါတယ်။

နီပိန်းငှက် နီပိန်းငှက် ဆိုသူ အခုဖြန့်ဝေထားတဲ့ သတင်းအမှားဟာ ဇူလိုင်လကတည်းက ဖြန့်ဝေထားတဲ့ သတင်း အမှား ဖြစ်ပေမယ့်လည်း လက်ရှိမှာ ကြိုက်နှစ်သက်သူ၊ သဘောထားမှတ်ချက်ပေးသူ၊ ထပ်ဆင့်ဖြန့် ဝေသူ တော် တော်များများရှိနေတာကို တွေ့ရပါတယ်။

လက်ရှိကာလမှာ သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/ သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီး ရေးသားပြီးတော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

ဒါကြောင့် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြ တော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့ လိုပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...